Sunday, June 30, 2024

နိုင်ငံနှင့် ပြည်သူအကျိုးထိခိုက်မှုများ လက်မခံ

 


ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးအပေါ်တွင် လူ့အခွင့်အရေးကိစ္စများနှင့်ပတ်သက်၍ ဓမ္မဓိဋ္ဌာန်ကျကျရှုမြင်သုံးသပ်ပြီး မှန်ကန်တိကျသော အချက်အလက်များနှင့် တရားမျှတစွာ ထုတ်ဖော်ပြောကြားရမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံနှင့်ပတ်သက်၍ မမှန်ကန်သော အချက်အလက်များ၊ အခြေအမြစ်မရှိသော အကြောင်းကိစ္စများဖြင့် စွပ်စွဲပြစ်တင်ဖော်ပြချက်များ အမျိုးမျိုးအဖုံဖုံပြုလုပ်နေသည်ကို မြင်တွေ့ကြားသိကြရမည်ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့က ၂၀၂၃ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအစီရင်ခံစာကို မမှန်ကန်သော အချက်အလက်များဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ တစ်ဆက်တစ်စပ်တည်းတွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံလူ့အခွင့်အရေးချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းရှိ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်အချို့က ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန် တောင်းဆိုမှုများ ဖော်ပြထားသည့် အစီရင်ခံစာကို ဇွန်လ ၂၆ ရက်နေ့က ထပ်မံထုတ်ပြန်လာသည်ကို တွေ့ရပြန်သည်။

နေရပ်စွန့်ခွာသွားသူများအခွင့်အရေး၊ ကလေးသူငယ်များအခွင့်အရေး၊ လူသား ချင်းစာနာထောက်ထားမှုအခွင့်အရေး၊ ဘာသာရေးအခွင့်အရေး၊ လူမျိုးရေးအခွင့်အရေး၊ ငွေရေးကြေးရေးအခွင့်အရေးစသည့် အခွင့်အရေးအမျိုးမျိုးကို အကြောင်းပြ၍ မမှန်ကန်သောအချက်အလက်များဖြင့် အစဉ်တစိုက်စွပ်စွဲပြောကြားနေသည်။ တရားမျှတစွာဆောင်ရွက်ရမည့် နိုင်ငံတကာအဖွဲ့အစည်းကြီးအနေဖြင့် အဖွဲ့၏ ဂုဏ်သိက္ခာနှင့် စည်းမျဉ်းစည်းကမ်းများကို မထောက်ထားဘဲ နိုင်ငံရေးတိုက်ကွက်ဖော်လိုသည့် အနောက်နိုင်ငံကြီးများအလိုကျ ဘက်လိုက်ဆောင်ရွက်သည့် လုပ်ဆောင်မှုများဖြစ်သည်ဟု ဆိုချင်သည်။

နိုင်ငံပိုင်ဘဏ်များအပါအဝင် ပြည်တွင်းဘဏ်များအားလုံးအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ချမှတ်ထားသည့် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ အချက်အလက်များကို သေချာစွာစိစစ်ရယူပြီး တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိသည်။ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကပိုင်ဘဏ်များအားလုံး၏ နိုင်ငံတကာဆက်သွယ်ချိတ်ဆက်ထားသော ဘဏ်များအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်း/ ပြည်ပငွေကြေးလွှဲပြောင်းမှုများကို ဆောင်ရွက်ပေးရာတွင် လိုအပ်သည့်အထောက်အထားများရယူ၍ အလေးထားစိစစ်လုပ်ကိုင်ခြင်းကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

ငွေရေးကြေးရေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ စံသတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုအစီရင်ခံစာများကို အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (APJG) သို့ တင်ပြချက်များနှင့် မျက်နှာချင်းဆိုင်အစည်းအဝေးများတွင် ဆွေးနွေးပြောဆိုချက်များအရ FATF နှင့် APJG တို့က အသိအမှတ်ပြုထားပြီး နှစ်စဉ်စံနှုန်းသတ်မှတ်ချက်အဆင့်များ တိုးမြှင့်ပေးခဲ့ခြင်းကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း/ ပြည်ပငွေကြေးလွှဲပြောင်းမှုများတွင်လည်း မြန်မာနိုင်ငံသားများအတွက် အဓိကမရှိမဖြစ်လိုအပ်သော အခြေခံကုန်စည်များဖြစ်သည့် ဆေးနှင့် ဆေးအထောက်အကူပြုပစ္စည်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်မြေဩဇာများ၊ စက်သုံးဆီ၊ စားသုံးဆီများ တင်သွင်းမှုများအတွက် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဘဏ်များအနေဖြင့် ယင်းကုန်စည်များ တင်သွင်းခြင်းအတွက် ငွေပေးချေမှုပြုလုပ်ရာတွင် ကုန်သွယ်မှုဆိုင်ရာ သက်သေခံစာရွက်စာတမ်းအထောက်အထားများရယူ၍ စိစစ်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းရှိ ဘဏ်များနှင့်ပတ်သက်၍ ငွေရေးကြေးရေးဆိုင်ရာ အကြောင်းကိစ္စများကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေမှုများ မကြာခဏ တွေ့နေရသည်။ အနောက်နိုင်ငံကြီးအချို့အနေဖြင့် မြန်မာနိုင်ငံရှိ ဘဏ်များအပေါ် ဖိအားပေးအကျပ်ကိုင်အရေးယူဆောင်ရွက်မှုများ မကြာခဏပြုလုပ်လျက်ရှိသည်။

အဆိုပါအခြေအနေအကြောင်းကိစ္စများအပေါ်အခြေခံ၍ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ ဖိအားပေးမှုများ တိုးမြင့်လာပြီး နိုင်ငံတကာနှင့် ဆက်ဆံရေးပျက်ပြားလာအောင် မြန်မာနိုင်ငံအား ဆန့်ကျင်နေသည့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၏ အချက်အလက်များ၊ လူမှုကွန်ရက်များပေါ်မှ မမှန်ကန်သည့်သတင်းအချက်အလက်များ၊ ပုံကြီးချဲ့ကားသတင်းများဖြင့် ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဘဏ်များနှင့်ပတ်သက်သည့် အစီရင်ခံစာထုတ်ပြန်လာမှုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များက လက်မခံကန့််ကွက်ကြောင်း ဇွန်လ ၂၈ ရက်နေ့က အသိပေးထုတ်ပြန်ချက်များ ပြန်လည်ထုတ်ပြန်ခဲ့သည်။

သို့ဖြစ်ရာ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်း နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်အချို့က ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးပါရန် တောင်းဆိုဖော်ပြချက်များသည် ပြည်သူများ၏အကျိုးစီးပွားကို ထိခိုက်စေသည့်အပြင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ဆက်ဆံရေးကို ထိခိုက်စေသဖြင့် အဆိုပါဖော်ပြချက်များကို ပြင်းထန်စွာကန့်ကွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment