Saturday, June 29, 2024

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့ဝင်များ၏ ကျန်းမာရေးဝန်ကြီးများအဆင့် အစည်းအဝေးနှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာညီလာခံသို့ တက်ရောက်


နေပြည်တော် ဇွန် ၂၈

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီးပြည်နယ်နန်းချန်းမြို့တွင် ဇွန် ၂၆ ရက် ညနေပိုင်းက ကျင်းပသည့်ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့ဝင်များ၏ ကျန်းမာရေးဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်ပြီး ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ညီလာခံဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

 

ဇွန် ၂၇ ရက် နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီးပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ကျန်းရှီးပြည်နယ် ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ ဒုတိယအတွင်းရေးမှူး Ye Jian-chun တို့က ညီလာခံကို ဖွင့်လှစ်ပေးကြပြီး ကျန်းရှီးပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌနှင့် ကျန်းရှီး ပြည်နယ်ကော်မတီအတွင်းရေးမှူး Yin Hong က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယနေ့ညီလာခံတွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ တိုင်းရင်းဆေးနယ်ပယ်မှ တိုင်းရင်းဆေးပညာရှင်များ၊ ဆေးဝါးကွပ်ကဲရေးအဖွဲ့များမှ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား တိုင်းရင်းဆေးနှင့်ပတ်သက်၍ ဘက်စုံကဏ္ဍစုံမှ စဉ်းစားသုံးသပ်မှုများ လုပ်ဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ အထူးသဖြင့်သိပ္ပံနည်းကျ သုတေသနတွင် ရင်းနှီးမြှုပ်နှံပြီးခေတ်မီနည်းပညာများ အသုံးပြုခြင်းဖြင့် တိုင်းရင်းဆေးဝါးများ၏ အရည်အသွေး၊ ထိရောက်မှု၊ ဘေးကင်းလုံခြုံစိတ်ချရမှုနှင့် သုံးစွဲနိုင်မှုတို့ကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးပညာ၏ မူပိုင်ခွင့်ဆိုင်ရာ စံသတ်မှတ်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းသည် အရေးကြီးကြောင်း၊ ယနေ့ကျင်းပပြုလုပ်သော ညီလာခံသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား တိုင်းရင်းဆေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန် နားလည်ယုံကြည်မှု၊ တီထွင်ဆန်းသစ်မှုများဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ထို့အတူ မြန်မာနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ မောလ်ဒိုက်နိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့မှ ဒုတိယဝန်ကြီးချုပ်၊ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ အဆင့်မြင့် ကိုယ်စားလှယ်များနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ ဒုတိယအတွင်းရေးမှူးချုပ်တို့ ကလည်း အမှာစကားပြောကြားခဲ့ကြသည်။

ညီလာခံသို့ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အဖွဲ့၏အဖွဲ့ဝင်နိုင်ငံ၊ လေ့လာသူနိုင်ငံနှင့် မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေး ပညာရှင်များ၊ ဆေးဝါးကွပ်ကဲရေးအဖွဲ့များမှ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

သတင်းစဉ်

No comments:

Post a Comment