နေပြည်တော် မေ ၁၁
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၀ ရက်နေ့ နံနက် ၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်၊ သီရိမွန်အိမ်ရာ၊ သီရိမွန်(၁၀)လမ်း၊ အမှတ်(၈)ရှိ PAL Hotel တွင် လောင်းကစားဝိုင်း ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ အဆိုပါဟိုတယ်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သည်။
စုစုပေါင်း ၄၇ ဦး ဖမ်းဆီး
ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါဟိုတယ် ဒုတိယထပ်တွင် လောင်းကစားဝိုင်း တည်ထောင်၍ စီမံခန့်ခွဲလုပ်ကိုင်နေသူ Mr. Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသားသုံးဦး၊ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ လောင်းကစားဝိုင်း၌ အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ၂၄ ဦးနှင့် လောင်းကစားလာရောက် ကစားသူ တရုတ်နိုင်ငံသား အမျိုးသား ငါးဦး၊ အမျိုးသမီးတစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား သုံးဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ၄၇ ဦး တို့ကို လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဘူကြီးလောင်းကစားခုံ ငါးခုံ၊ ပဲကြားလော့လောင်းကစားခုံ နှစ်ခုံ၊ ကုလားသုံးကောင် လောင်းကစားခုံ တစ်ခုံ၊ ငါးပစ်ဂိမ်းလောင်းကစားခုံ တစ်ခုံ၊ ဖဲထုပ် ၂၅၄ ထုပ်၊ ငွေကျပ် ငါးရာမှ သိန်းတစ်ရာထိပါ တိုကင်ပြားများ၊ လက်ကိုင်ဖုန်း ၃၈ လုံး၊ လက်တော့နှစ်လုံး၊ Tablet တစ်လုံး၊ All in one ကွန်ပျူတာတစ်လုံး၊ လောင်းကစားပြုလုပ်ရာတွင် ငွေအလွှဲ/ အပြောင်းပြုလုပ်ရာ၌ အသုံးပြုသည့် Bank Account နံပါတ်များရေးသားထားသည့် ကတ်ပြားတစ်ခု၊ ဖဲချပ်ဖျက်စက်တစ်လုံး၊ ငွေရေတွက်စက်တစ်လုံး၊ CCTV Recorder တစ်လုံး၊ လောင်းကြေးငွေ ၃၀၁ သိန်းကျပ်၊ ကား ၁၇ စီးတို့နှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့ပါသည်။
အရေးယူဆောင်ရွက်လျက်ရှိ
အဆိုပါ ဖမ်းဆီးရမိသူ Mr. Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသားရှစ်ဦး၊ အမျိုးသမီး တစ်ဦး၊ ဝင်းမြင့်ထွန်းပါ မြန်မာနိုင်ငံသား အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၄၇ဦး တို့အား မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment