ရန်ကုန် မေ ၁၂
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များ တပ်ဆင်မည့်အခြေအနေ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်
ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့မှ
ပါမောက္ခချုပ်များနှင့် ဆရာ ဆရာမများ၊ ဘုရားစေတီအသီးသီးမှ ဂေါပကအဖွဲ့ဝင်များ၊ သာသနာ့နုဂ္ဂဟဘွဲ့ရ
ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က နိုင်ငံတော်အကြီးအကဲက မြန်မာနိုင်ငံရှိ
တန်ခိုးကြီး ဘုရား၊ စေတီ၊ ပုထိုးများတွင် Pagoda Digital Dire-ctory ပြုလုပ်၍ အများပြည်သူများ
ကြည်ညိုလေ့လာနိုင်ရေးအတွက် ပြသထားရှိရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ အဆိုပါ လမ်းညွှန်မှာကြားချက်ကို
အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပထမအဆင့်အနေဖြင့် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး၊
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်၊ ကျိုက်ထိုမြို့ ကျိုက်ထီးရိုးစေတီတော်၊ ညောင်ဦးမြို့
ရွှေစည်းခုံစေတီတော်နှင့် ပုဂံအာနန္ဒာဘုရား၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်၊ မကွေးမြို့
မြသလွန်ဘုရား၊ ပြည်မြို့ ရွှေဆံတော်ဘုရားနှင့် မြောက်ဦးမြို့ သျှစ်သောင်းဘုရားကိုးဆူကို
စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မေတ္တာရပ်ခံချက်အရ ပဲခူးမြို့
ရွှေမော်ဓောဘုရားပါ ထပ်မံထည့်သွင်းဆောင်ရွက်ခဲ့ပြီး စုစုပေါင်း အထင်ကရဘုရား ၁၀ ဆူတို့အား
Pagoda Digital Directory အဖြစ် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် စတင် ဆောင်ရွက်ခဲ့ပါကြောင်း၊
ဘုရား ၁၀ ဆူနှင့်ပတ်သက်၍ လေ့လာကြည့်ရှုနိုင်အောင် Online နှင့် Offline ပါ ဆောင်ရွက်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံရှိ အထင်ကရဘုရားများသာမက ထူးခြားသည့် ဒေသဆိုင်ရာ စေတီပုထိုးများအား
Pagoda Digital Directory အဖြစ် Website တွင် ပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့်
အမျိုးသားပြတိုက်ဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (ပြည်၊ မကွေး၊ တောင်ငူ၊ သထုံ) တို့ ပူးပေါင်း၍
Pagoda Digital Directory Web Portal လွှင့်တင်နိုင်ရေး စတင်စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း။
Portal ရေးဆွဲပြီးပါက ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့သို့ လွှဲပြောင်းပေးအပ်မည်
ဖြစ်ပါ ကြောင်း၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က Web Portal နှင့်ပတ်သက်၍
နှစ်စဉ် ကြေးများအပါအဝင် ကုန်ကျစရိတ်အားလုံးကို နှစ်ရှည်ကျခံပေးသွားမည်ဖြစ်ပါကြောင်း။
ဒုတိယအဆင့်အနေဖြင့် ပြည်နယ်/တိုင်းဒေသကြီး ၁၄ ခုရှိ ထင်ရှားသော ဘုရားစေတီပုထိုးများ
ကိုလည်းကောင်း၊ တတိယအဆင့်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သမိုင်းဝင်ထင်ရှားသော
ဘုရားများအတွက်ပါ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တန်ခိုးကြီးဘုရားစေတီများဖြစ်သည့်
ရွှေတိဂုံ စေတီတော်မြတ်ကြီး၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ ရွှေစည်းခုံစေတီတော်၊ အာနန္ဒာဘုရား၊
ကျိုက်ထီးရိုးစေတီတော်၊ ရွှေမော်ဓောဘုရား၊ သျှစ်သောင်းဘုရား၊ ရွှေဆံတော်ဘုရား၊ ဥပ္ပါတသန္တိစေတီတော်၊
မြသလွန်ဘုရားတို့အား တစ်ဆူချင်းစီအလိုက် internet စာမျက်နှာတွင် ကြည့်ရှုနိုင်ပြီဖြစ်၍
ဘုရားအားလုံးကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ကြည့်ရှု ရန်အတွက် Pagoda Digital
Directory Portal (www.pagodadirectory.gov.mm) ကို အင်တာနက် စာမျက်နှာထက်တွင် လွှင့်တင်ထားရှိပြီးဖြစ်ပါကြောင်း၊
ထပ်မံဖြည့်သွင်း ဆောင်ရွက်လိုသည့်ဘုရားများကိုလည်း တစ်ဆင့်ချင်း ထပ်မံထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်
ဂေါပကအဖွဲ့များအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား
ပြောကြား သည်။
ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးလှမြင့်က ဘုရားစေတီများ
တွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များ တပ်ဆင်ခြင်းနှင့်ပတ်သက်၍
ရှင်းလင်းဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြကာ ပြည်ထောင်စုဝန်ကြီး
ဦးတင်ဦးလွင်က နိဂုံးချုပ်စကားပြောကြားကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment