Saturday, May 11, 2024

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ


 

နေပြည်တော် မေ ၁၀

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများနေ့နှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့ “International Day of the Midwife and International Nurses Day” အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (နေပြည်တော်) ဘက်စုံသုံးခန်းမကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ သူနာပြုတက္ကသိုလ် (ရန်ကုန်/မန္တလေး)မှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သူနာပြုအရာရှိများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီနှင့် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းတို့မှဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဆေးရုံအုပ်ကြီးများ၊ သူနာပြုအုပ်ကြီးများ၊ သူနာပြုအုပ်များ၊ သူနာပြုဆရာမကြီးများ၊ သူနာပြုများ၊ သားဖွားများ၊ တပ်မတော်ဆေးရုံများမှ သူနာပြုများ၊ သူနာပြု/ သားဖွား/နှီးနွယ်သင်တန်းကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်များ၊ နည်းပြများ၊ ဒုနည်းပြများ၊ သင်တန်းသား သင်တန်းသူများ၊ ပုဂ္ဂလိကဆေးရုံများမှ သူနာပြုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက သူနာပြုများနှင့် သားဖွားများ၏ ပြည်သူလူထုတစ်ရပ်လုံးအပေါ် အကျိုးပြုမှုများကို အသိအမှတ်ပြုသောအားဖြင့် ဖလောရင့် နိုက်တင်ဂေးလ် (Florence Nightingale)၏ မွေးနေ့ဖြစ်သည့် မေ ၁၂ ရက်ကို အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့အဖြစ် International Council of Nurses (ICN) က ၁၉၇၄ ခုနှစ်မှစတင်၍ သတ်မှတ်ခဲ့ပြီး မေ ၅ ရက်ကို အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့အဖြစ် International Confederation of Mid-wives (ICM) က ၁၉၉၁ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့၍ နှစ်စဉ်နှစ်တိုင်း သူနာပြုသားဖွားများ၏ စွမ်းဆောင်ရည်များ မြင့်မားစေရန်ရည်ရွယ်၍ ဆောင်ပုဒ်များ သတ်မှတ်ဆောင်ရွက်ကြခြင်းဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများ နေ့ဆောင်ပုဒ်၏ Theme မှာ “Midwives: A vital Climate Solution” “သားဖွားအရည် အသွေးထိန်းသိမ်းလို့၊ အနာဂတ်ကမ္ဘာကို စောင့်ရှောက်စို့”ဟုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့၏ Theme ဖြစ်သော “Our Nurses. Our Future. The Economy Power of Care” ကို “ကျန်းမာစီးပွားရင်းနှီးလို့၊ ရှေ့အနာဂတ်ဖွံ့ဖြိုးဖို့၊ သူနာပြုစုမှုစွမ်းအားမြှင့်တင်စို့” ဟု ဘာသာပြန်ဆိုထားပါကြောင်း။

သူနာပြုနှင့် သားဖွားများသည် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွင် မကျန်းမာသူများအား ပြုစုပေးခြင်း၊ မကျန်းမာမှုမဖြစ်စေရန် ကာကွယ်ပေးခြင်း၊ ကျန်းမာသူများ ပိုမိုကျန်းမာအောင် တိုးမြှင့်စောင့်ရှောက်ခြင်း၊ ပြန်လည်ထူထောင်ရေးတွင် ပြုစုစောင့်ရှောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေကြသည့်အတွက် လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှု (Universal Health Coverage) ကို ရရှိနိုင်ရေးအတွက် အရေးပါလှသော ကျန်းမာရေးဝန်ကြီးဌာန၏ အဓိကကျသူများဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ သူနာပြုနှင့် သားဖွားအင်အားစုသည် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်အားလုံး၏ ၅၀ ရာနှုန်း နီးပါးဖြစ်သည့်အတွက် ပြည်သူလူထုကို အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်သူနာပြုနှင့် သားဖွားများ၏ အလွန်အရေးပါသော အခန်းကဏ္ဍကို မီးမောင်းထိုးပြ ခြင်းဖြစ်ပါကြောင်း၊ သူနာပြုနှင့် သားဖွားများအနေဖြင့်လည်း ပြည်တွင်းမှာသာမက နိုင်ငံတကာမှ အသိအမှတ်ပြုရသည့် စံနမူနာကောင်းများကို အတုယူပြီး ကြိုးစားအားထုတ်ကြစေလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ဖလောရင့် နိုက်တင်ဂေးလ်ဆုရှင်များဖြစ်သော ဗိုလ်မှူး ဒေါ်ခင်အုန်းမြ၊ ဒေါ်အမ်ယောနမ်(လက်ထောက်ညွှန်ကြားရေးမှူး-ငြိမ်း)၊ ဒေါ်သိန်းရီ (အမျိုးသမီးကျန်းမာရေး ဆရာမ- ငြိမ်း)နှင့် ဦးစနိုင်နိုင်ထွန်း (သူနာပြုကြီး)တို့ကို ဝဏ္ဏကျော်ထင်ဘွဲ့ကို လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအပေါ် အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သူနာပြုနှင့် သားဖွားခြောက်ဦးတို့ကို ရဲဗလဘွဲ့တံဆိပ်ကိုလည်းကောင်း ချီးမြှင့်ခဲ့ပါကြောင်း၊ မျိုးဆက်သစ်သူနာပြုနှင့် သားဖွားများအား သူနာပြုနှင့် သားဖွားလုပ်ငန်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်များနှင့်ထိန်းသိမ်းရမည့် အမူအကျင့်များအတိုင်း ပြည်သူလူထုအား ပြုစုစောင့်ရှောက်မှုပေးကြရန်နှင့် မိမိတို့၏ သူနာပြုနှင့်သားဖွား အသက်မွေးဝမ်း ကျောင်းပညာရပ်များနှင့် ကျင့်ဝတ်များကို အားလုံးက ဝိုင်းဝန်းထိန်းသိမ်း၍ နိုင်ငံတော်၏အကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ‌ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မှ ချီးမြှင့်သည့် ဝဏ္ဏကျော်ထင်ဘွဲ့နှင့် ရဲဗလ ဘွဲ့တံဆိပ်အပ်နှင်းခံရသူ သူနာပြု၊ အမျိုးသမီးကျန်းမာရေး ဆရာမနှင့် သားဖွား ၁၀ ဦးတို့ကို ဂုဏ်ပြုအထိမ်းအမှတ်ဆု ချီးမြှင့်ပေးခဲ့ပြီး သူနာပြု သင်တန်းသားသင်တန်းသူများက ကရုဏာအလင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အထက်တန်းသူနာပြု ဆရာမတစ်ဦးက မီးအိမ်ရှင် သီချင်း ဖြင့် ကပြဖျော်ဖြေကြသည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအနေဖြင့် အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် အပြည်ပြည်ဆိုင်ရာ သူနာပြုများ နေ့နှင့်ပတ်သက်သည့် စဉ်ဆက်မပြတ် သူနာပြုသားဖွားပညာရေး ဟောပြောပွဲကို ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်က ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့၏ ဆောင်ပုဒ်များကိုလည်းကောင်း၊ ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူး (သူနာပြု- သားဖွား) ဒေါ်စန်းစန်းယဉ်က အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည်များကိုလည်းကောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူး (သူနာပြု - သားဖွား) ဒေါ်ဌေးဌေးလှိုင်က အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြပြီး ဖလောရင့်နိုက်တင်ဂေးလ်ဆုရှင် ဝဏ္ဏကျော်ထင် ဦးစနိုင်နိုင်ထွန်းက ၎င်း၏စွမ်းဆောင်ရည်များကိုလည်းကောင်း၊ သားဖွားဆရာမ ဒေါ်စန်းစန်းမြင့်က ၎င်း၏ အတွေ့အကြုံများကိုလည်းကောင်း မျှဝေခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment