Saturday, May 11, 2024

အကြမ်းဖက်အဖျက်သမားများအား ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်

 


မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ၏ အရှေ့ဘက်တွင်ရှိသည့် ဆုံရွာကျေးရွာလေးအား မေလ ၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆုံရွာအတွင်းရှိနေအိမ်များပေါ်သို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျေးရွာအတွင်း အေးချမ်းစွာနေထိုင်လျက်ရှိကြသည့် ကျေးရွာသား ၁၇ ဦး၊ ကျေးရွာသူ ၁၅ ဦး စုစုပေါင်း ၃၂ ဦး သေဆုံးပြီး ရွာသူ ရွာသား ၁၄ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း စိတ်မကောင်းစွာ ကြားသိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများသည် ဆုံရွာကျေးရွာရှိ ပြည်သူ့စစ်စခန်းအား အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် မဆင်မခြင်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ကျေးရွာသူ ကျေးရွာသားများ သေကျေပျက်စီး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ပြည်သူ့စစ်စခန်းအား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ရွာ၏အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြပြီး ဆုတ်ခွာထွက်ပြေးစဉ် နီးစပ်ရာနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသဖြင့် နေအိမ်အလုံး ၅၀ ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။

PDF အမည်ခံ အကြမ်းဖက်သမားများ ဆုံရွာအား တိုက်ခိုက်ဖျက်ဆီးမှုကို သိရှိလျှင်သိရှိချင်း ကျေးရွာနှင့်အနီးဆုံး လုံခြုံရေးတပ်ဖွဲ့များက ချက်ချင်းသွားရောက်ပြီး မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြကာ ထိခိုက်ဒဏ်ရာရရှိသူ ကျေးရွာပြည်သူများအား မန္တလေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေး၍ ဆေးဝါးကုသစောင့်ရှောက်မှုများ ပြုလုပ်ပေးသည့်အပြင် ဆုတ်ခွာထွက်ပြေးသွားသော PDF အမည်ခံ အကြမ်းဖက်သမားများအား လိုက်လံချေမှုန်းပြီး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

PDF အမည်ခံ အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ အလွယ်တကူ စစ်ကူ/ပစ်ကူရောက်ရှိရန် ကန့်သတ်ချက်ရှိသည့် အစွန်အဖျား ကျေးရွာ/ရပ်ကွက်အုပ်စုများရှိ ကျေးရွာသူ ကျေးရွာသားများ အကြောက်တရားဖြစ်ပေါ်လာစေရန် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကျေးရွာနေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ ရွာသူ ရွာသားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိရာ ယခု ဆုံရွာတိုက်ခိုက်မှုဖြစ်စဉ်သည် အပြစ်မဲ့ပြည်သူအများဆုံး သေဆုံးထိခိုက်ခဲ့သည့် စိတ်မချမ်းမြေ့ဖွယ် အဖြစ်ဆိုးတစ်ခုဖြစ်သည်။

PDF အမည်ခံ အကြမ်းဖက်သမားများသည် CRPH/NUG အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးမြှောက်ပင့်ထောက်ပံ့ပေးမှုများဖြင့် အစွန်အဖျားကျသည့် ကျေးရွာအုပ်စုများအတွင်း ဝင်ရောက်ပြီး အကြမ်းဖက်အဖျက်လုပ်ရပ်များကို လုပ်ကိုင်လျက်ရှိသည်။ ဒီမိုကရေစီအရေး၊ အာဏာရှင်တော်လှန်ရေးဟု ကြွေးကြော်ပြီး အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်များကို လုပ်ကိုင်ကာ ပြည်ပမှ အထောက်အပံ့ များရယူခြင်း၊ ကျေးရွာများအတွင်း ဆက်ကြေးကောက်ခံခြင်း၊ ဒေသအတွင်းရှိ သယံဇာတပစ္စည်းများကို ခိုးထုတ်ရောင်းချကြပြီး အင်အားတောင့်တင်းအောင် ပြုလုပ်ကြကာ ပြည်သူများကို အကြောက်တရားကြီးမားလာအောင် ပြုလုပ်ပြီး အာဏာတည်ဆောက်နေသော အဖျက်သမားသောင်းကျန်းသူများဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ဆန္ဒဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ တိုင်းပြည်နှင့်ပြည်သူလူထု၏ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိချိန်တွင် အကြမ်းဖက်အဖျက်သမားများက တိုင်းပြည်နှင့် လူထုအကျိုးစီးပွား များပျက်စီးစေရန် တစိုက်မတ်မတ် လုပ်ကိုင်နေကြသည်။

သောင်းကျန်းသူအဖျက်သမားများသည် အစွန်အဖျားဒေသများသို့ ဝင်ရောက်ခိုလှုံပြီး အကြမ်းဖက်အဖျက်လုပ်ရပ်များကို လုပ်ကိုင်လျက်ရှိရာ တိုင်းရင်းသားပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးပျက်စီးမှုများနှင့် ကြုံတွေ့နေရသည်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လုံခြုံရေးအဖွဲ့အစည်းများက ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပေးပြီး ပြည်သူလူထု၏ အခက်အခဲများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိရာ အကြမ်းဖက်အဖျက်သမားများ ချုပ်ငြိမ်းပပျောက်ရေးအတွက် ပြည်သူလူထုလုံခြုံရေးစနစ်တွင် ပူးပေါင်းပါဝင်ကူညီခြင်း၊ အကြမ်းဖက်သမားများ၏ သတင်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများသို့ လျှို့ဝှက်သတင်းပေး ကူညီဆောင်ရွက် ပူးပေါင်းလက်တွဲဆောင်ရွက်ခြင်းဖြင့် အကြမ်းဖက်အဖျက်သမားများကို ဝိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment