Tuesday, May 7, 2024

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ / တိုက်ကျွေးရေးရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး မေ ၇

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားကို မေလ ၆ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ကာကွယ်ဆေးထိုးနှံမည့် ကလေးများနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြသည်။









ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က  ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေး ခြင်းလုပ်ငန်းဟာ နှစ်စဉ်အသက်ပေါင်းများစွာကို ကယ်တင်ပေးလျက်ရှိပြီး တစ်ကမ္ဘာလုံးမှာကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်လာမှုများ၏ အောင်မြင်မှုပြယုဂ်တစ်ခုဖြစ်ကြောင်း၊ ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသည့် ရောဂါပေါင်း (၂၀)ကျော်ကို ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းဖြင့် ကာကွယ်ဟန့်တားနိုင်ခဲ့သည့်အပြင် ကမ္ဘာ့ပြည်သူသန်းပေါင်း (၂၄)သန်းကို ဆင်းရဲမွဲတေမှုမှ ကာကွယ်ပေးခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ် ၊ ကမ္ဘာ့ကာကွယ် ဆေးထိုးနှံ၊ တိုက်ကျွေးရေး ရက်သတ္တပတ် ဆောင်ပုဒ်ဖြစ်သည့် “ ကလေးများ အနာဂတ်လှပစေဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့ ” ဆောင်ပုဒ်အတိုင်း အနာဂတ် လှပစေရေးအတွက် အသက်အရွယ်အလိုက် ထိုးနှံ/တိုက်ကျွေးရမည့် ကာကွယ်ဆေးများအား တစ်ယောက်မကျန် ထိုးနှံ/တိုက်ကျွေးရေးအတွက် ဆက်လက်ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ၂၀၂၄ ခုနှစ် ၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ / တိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ် Video Clip အား ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးနေမှုအား ကြည့်ရှုအားပေးပြီးကလေးငယ်များအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment