Sunday, May 12, 2024

ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်‌ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

 

ပုသိမ် မေ ၁၁

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဝင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်က ကျောင်းသားလူငယ်များအား စာတတ်ရုံသာမက ပညာတတ်မြောက်အောင် ကြိုးစားကြရန်လိုအပ်ကြောင်း၊ ပညာရှိမှဘဝ တိုးတက်အောင်မြင်မည်ဖြစ်ကြောင်း၊ ဗလငါးတန်ပြည့်စုံရန်အတွက် ကျန်းမာရေးကိုလည်း လေ့လာလိုက်စားရန် အရေးကြီးကြောင်း၊ လူငယ်များအနေဖြင့် စာရိတ္တကောင်းမွန်ရေးအတွက် ငယ်ရွယ်စဉ်အခါကပင် ကြိုးစားလေ့ကျင့်ရန်လိုအပ်ကြောင်း၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလစသည့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်အကြီးအကဲအနေဖြင့် လူငယ်များအပါအဝင် ပြည်သူများ စာပေလေ့လာ ဖတ်ရှုနိုင်ရန် စာကြည့်တိုက်များဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ စာပေဖတ်ရှု အသိပညာ ပြည့်ဝမှသာ စဉ်းစားတွေးခေါ်မှုနှင့် ရင့်ကျက်မှုရှိပြီးဘဝတစ်လျှောက်လုံး အဆင်ပြေမည်ဖြစ်ကြောင်း၊ ထို့ပြင် အသက်အရွယ်အလိုက် လူမှုကျင့်ဝတ်များကိုစောင့်ထိန်းပြီး ဘက်စုံထူးချွန်သည့် လူရည်ချွန်လူရည်မွန်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ အားကစားကို လေ့လာလိုက်စားကာ စဉ်ဆက်မပြတ်လေ့ကျင့်ပြီး ခရိုင်၊ မြို့နယ်လက်ရွေးစင်မှသည် တိုင်းဒေသကြီးလက်ရွေးစင်၊ နိုင်ငံ့လက်ရွေးစင်ဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။

အသိပညာပေးဟောပြောပွဲသို့ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များ၊ ကင်းထောက်လူငယ်များ၊ အဆင့်မြင့်နွေရာသီသင်တန်းများမှ အားကစား သင်တန်းသား သင်တန်းသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၅၀၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment