Tuesday, May 7, 2024

ဂုဏဝိသိဋ္ဌပူဇာနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ပညာဓမ္မဗိမာန်)တော်ဖွင့်ပွဲ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ပုသိမ် မေ ၇

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တော် ဆက်ကပ်လှူဒါန်းခဲ့သည့် နိုင်ငံတော်ဩဝါဒါစရိယ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဿုတ အရှင်သူမြတ်အား ဂုဏဝိသိဋ္ဌပူဇာနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ပညာဓမ္မဗိမာန်) ဖွင့်ပွဲ ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို မေလ ၅ ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိ စာသင်တိုက်ဝန်းအတွင်းရှိ အဆိုပါ ကျောင်းရှေ့တွင်ကျင်းပခဲ့သည်။






ဦးစွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ပညာဓမ္မဗိမာန်) မုခ်ဦးအား နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် (အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဝိဿုတ အရှင်သူမြတ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လူမှုရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ဆရာတော်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။

ထို့နောက် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ဂုဏဝိသိဋ္ဌပူဇာ အခမ်းအနားနှင့် ကျောင်းဆောင်သစ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကိုပြုလုပ်ရာ ဧည့်ပရိသတ်များက "နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် ဗုဒ္ဓဂုဏ်တော်များဖြင့် သီကျူးဖွဲ့ဆိုထားသော “ထူးမခြားနား”သီချင်းခန့်ကို ပူဇော်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက) ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များရွတ်ပွား ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို ဆက်လက်နာယူကြည်ညိုကြသည်။ ဆက်လက်၍ ထပ်ဆင့်ဂုဏ်ပြုလက်မှတ်ကို ဆရာတော်ကြီးအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်ကပ်ခဲ့ပြီးနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ၏ထေရုပ္ပတ္တိကို ချမ်းသာကြီးကျောင်းတိုက် ဆရာတော်က ဖတ်ကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများထံ သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားခဲ့သည်။ ဆက်လက်၍ ဆရာတော်ကြီးအား ရတုပိုဒ်စုံ၊ တေးထပ်များဖြင့် သီကျူးပူဇော်ခဲ့ကာ ထေရကိတ္တန ဂုဏဝန္ဒနာဂါထာတော်အား ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဇောတိဿရ MA.Ph.D (India) အရှင်သူမြတ်က ဖတ်ကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ(အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရားများနာယူကြည်ညိုကြ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကာ ရတနာရွှေမိုးငွေမိုးများရွာသွန်းဖြိုးခဲ့သည်။ ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါ နိဂြောဓါရုံ ညောင်ပင်သာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ပညာဓမ္မဗိမာန်) (၈၀ ပေ × ၃၆ ပေ) RC (၂) ထပ် ကျောင်းဆောင်သစ်ကြီးအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အလှူရှင်စေနာရှင်များက ကျပ်သိန်းပေါင်း (၂၉၃၅) သိန်းဖြင့်စုပေါင်းလှူဒါန်း တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)

No comments:

Post a Comment