နေပြည်တော် မေ ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများအား ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ
ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့်
ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်
တိုင်းမှူး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ
တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တာဝန်ရှိသူများ
တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား
တင်ပြ ဆွေးနွေး
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်ဆိုင်ရာ အချက်အလက်များ၊
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အပေါ်
အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဒေသတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်
ဆောင်ရွက်နိုင်မှုနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့် ပို့ကုန်များ တင်ပို့နိုင်မှု၊
ဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးတို့အပါအဝင် ကဏ္ဍအသီးသီး၌
ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျိုင်းတုံဒေသသို့ လေကြောင်းလိုင်းများ
တိုးချဲ့ပျံသန်းပြေးဆွဲပေးစေလိုမှု၊ ကျိုင်းတုံဒေသတွင် အစိုးရနည်းပညာအထက်တန်းကျောင်းအား
အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလိုအပ်ချက်များကို
အသီးသီးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊
ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ လေကြောင်းလိုင်းများ
ပြေးဆွဲလျက်ရှိမှုနှင့် လိုအပ်ချက်အပေါ်မူတည်၍ ထပ်မံတိုးချဲ့ပြေးဆွဲနိုင်ရေး ဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊
အစိုးရနည်းပညာအထက်တန်းကျောင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုနှင့်ပတ်သက်၍ စိစစ်တွက်ချက်ပြီး
သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အခြေအနေများနှင့် ပတ်သက်၍
ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
တရားဥပဒေစိုးမိုးရေးနှင့် တရားမဝင်လုပ်ငန်းများ ဆောင်ရွက်မှုမရှိစေရေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသသည် ယခင်က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍
နာမည်ထွက်ပေါ်ခဲ့ကြောင်း၊ မိမိတို့ဒေသအတွင်း မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်လုပ်ငန်းများ
ဆောင်ရွက်မှုမရှိစေရေး ထိန်း သိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍
နှစ်ပေါင်းများစွာ တိုက်ဖျက်တားဆီးခဲ့ကြပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊
တရားဥပဒေစိုးမိုးမှုအားနည်းခြင်းနှင့် နယ်မြေဒေသမတည်မငြိမ်မှုများကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုများနှင့်
ရောင်းဝယ်မှုများသည် အမြစ်ပြတ်ပပျောက်မှုမရှိခဲ့ကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်း
မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ရောင်းဝယ်မှုများမရှိစေရေး တားဆီးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
အလားတူ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကိုလည်း မိမိတို့အနေဖြင့်
ထိထိရောက်ရောက်တိုက်ဖျက်ဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသခံများအနေဖြင့်လည်း ဝိုင်းဝန်းတိုက်ဖျက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ဒေသထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး
စီးပွားရေးနှင့်ပတ်သက်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အနေဖြင့် ထုတ်ကုန်ပစ္စည်းများ
ရရှိစေရေး မိမိအနေဖြင့် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ ဒေသတွင်းစိုက်ပျိုးမွေးမြူရေး
ထုတ်ကုန်ပစ္စည်းများရရှိအောင်ဆောင်ရွက်၍ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်မည်ဆိုပါက
ဒေသဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊
ဒေသတွင်း အောင်မြင်ဖြစ်ထွန်းသည့် စိုက်ပျိုးသီးနှံများကို ခေတ်မီနည်းစနစ်များအသုံးပြု
စိုက်ပျိုး၍ ဈေးကွက်ဝင်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်အောင်ရေနှင့် သွင်းအားစုများ ပြည့်မီစွာရရှိရေးအတွက်လည်း
ဆောင်ရွက်ကြရန်လိုကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ
အောင်မြင်စွာဆောင်ရွက်နိုင်မည့်အခြေအနေများကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့်
ဒေသတွင်း၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင် အောင် ဆောင်ရွက်ရန်လိုပြီး
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။
လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေး
ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာဖြင့် ဆောင်ရွက်ခြင်းထက်
ခေတ်နှင့်လျော်ညီသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက်
အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများလိုအပ်သဖြင့် ပညာရေးအားပေးဆောင်ရွက်ကြစေလိုကြောင်း၊
ကျိုင်းတုံဒေသတွင် အဆင့်မြင့်ပညာများသင်ကြားနိုင်ရေး နိုင်ငံတော်မှ ဆောင်ရွက်ပေးထားပြီး
ဖြစ်သဖြင့် အကျိုးရှိရှိအသုံးချနိုင်ရန်လိုကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သည်
ပညာရေးနှင့်ပတ်သက်၍ အားနည်းသည့်ဒေသတစ်ခုဖြစ်ပြီး ယခင်ကတည်းကပင် အားပေးဆောင်ရွက်နေရသည့်
ဒေသတစ်ခုဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ပညာရေးကို အလေးထားသင်ယူကြရန်လိုအပ်မည်
ဖြစ်ကြောင်း၊ မိဘများမှလည်း ပညာရေးကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်
စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုပညာကျွမ်းကျင်သည့် လူသားအရင်းအမြစ်များရရှိရေးအတွက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊
ထိုမှတစ်ဆင့် အဆင့်မြင့်ပညာရပ်များ ဆက်လက် သင်ယူသွားနိုင်ရေး သိပ္ပံများ၊ ကောလိပ်များနှင့်
တက္ကသိုလ်များကို တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)
မှ ကျန်းမာရေး၊ အိုင်တီ၊ အင်ဂျင်နီယာ ပညာရှင်များမွေးထုတ်ပေးနိုင်ရန်လိုကြောင်း၊ ကျောင်းမှသင်ကြားပေးသည့်
ပညာရပ်များသာမက အခြားအသိပညာဗဟုသုတများ ရရှိစေရေးအတွက်လည်း စာကောင်းပေမွန် များ ဖတ်မှတ်လေ့လာကြရန်လိုကြောင်း၊
ထိုသို့ဆောင်ရွက်နိုင်ရေးအတွက်လည်း နိုင်ငံတော် အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများနှင့်
စာကြည့်တိုက်များတိုးချဲ့ပေးနိုင်ရေး၊ စာအုပ်စာစောင်များ ရရှိရေး၊ စာကြည့်တိုက်လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသ၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ
လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျိုင်းတုံလေဆိပ်နှင့် တာချီလိတ်လေဆိပ်တို့ကို
အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အိမ်နီးနားချင်းနိုင်ငံများမှ
လေကြောင်းခရီးစဉ်ဖြင့် ပြည်ပခရီးသွားများ ဝင်ရောက်နိုင် မည်ဖြစ်ကြောင်း၊ ကျိုင်းတုံဒေသသည်
ခရီးသွားလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် ရေမြေတောတောင်သဘာဝနှင့် ရှေးဟောင်းအမွေအနှစ်များစွာကို
ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊
မိမိတို့ဒေသသို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများလာရောက်ခြင်းဖြင့် ဒေသတွင်း ငွေကြေးလည်ပတ်မှုကို
ပိုမိုဖြစ်ပေါ်စေမည်ဖြစ်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ဒေသသာယာလှပရေး၊
တည်းခိုရန်နေရာများ၊ စားသောက်ဖွယ်ရာများ၊ ဒေသထွက်အစားအသောက်များကို အဆင့်မီစွာဖြင့်
ဝန်ဆောင်မှုပေးနိုင်ရေး ဒေသတွင်နေထိုင်ကြသည့် ဒေသခံများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ
အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက်မည်
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်
အင်တိုက်အားတိုက် ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်လည်း
မိမိတို့ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးကို တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊
ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန် မဖြစ်မနေလိုအပ်မည်ဖြစ်သဖြင့်
ဒေသခံများအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊
ဒေသတွင်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံများအားလုံး တက်ညီ
လက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းကြမည်ဆိုပါက ဒေသအလိုက် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်လာ
မည်ဖြစ်ပြီး ထိုမှတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက်
အားလုံးကဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့ရှိ
မြို့မိ၊ မြို့ဖများအား တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ရွှေတြိဂံဧည့်ရိပ်သာ၌ ရင်းရင်းနှီးနှီးတွေ့ဆုံ၍
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များ
ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်
တက်ရောက်လာကြသည့် မြို့မိမြို့ဖများအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပုံစံတူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်များနှင့်
စားသောက်ဖွယ်ရာများကို တစ်ဦးချင်း ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း
သတင်းရရှိသည်။

No comments:
Post a Comment