ရန်ကုန် မေ ၁၀
ပြည်တွင်းအလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးဝင်းရှိန်၊ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ
တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူများ၊ စက်မှုဇုန် ၂၉ ဇုန်မှ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်
အတွင်းရေးမှူးများ၊လုပ်ငန်းရှင်များ၊ စက်ရုံ၊ အလုပ်ရုံများမှ HR မန်နေဂျာများ၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး
အကျိုးဆောင်အေဂျင်စီများမှ မန်နေးဂျင်းဒါရိုက်တာများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့်
အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို တိုးတက်ရရှိရေးအတွက် အလုပ်ရှာဖွေသူနှင့် အလုပ်ရှင်တို့
တွေ့ဆုံပြီး တစ်နေရာတည်းတွင် One Stop Service ဖြင့် ရွေးချယ်ခန့်ထားပေးနိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ
Job Fair များကို ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်
ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီများ
ပူးပေါင်း၍ ကျင်းပ ပြုလုပ်ပေးလျက်ရှိကြောင်း။
ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမို
တိုးတက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင်
မှတ်ပုံတင်ထားသည့် ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်လိုသော နိုင်ငံသားပိုင်
ကုမ္ပဏီများအား ၁၉၅၉ ခုနှစ် အလုပ်ခန့်ထားမှုကန့်သတ်ရေး အက်ဥပဒေနှင့် အလုပ်အကိုင်နှင့်
ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (၂၀၁၃ ခုနှစ်) တို့နှင့်အညီ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး
အကျိုးဆောင်လိုင်စင်ကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း။
ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီများအနေဖြင့်
အလုပ်ရှင်များ၏ အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အလုပ်ရှင်များနှင့်
ချိတ်ဆက်ပြီး အလုပ်သမားဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်တွင်းအလုပ်အကိုင်များ
ဖွံ့ဖြိုးတိုးတက်လာစေရန် ဂုဏ်သိက္ခာရှိသော အေဂျင်စီများအဖြစ် ဆောင်ရွက်ကြရန်၊ အလုပ်အကိုင်နှင့်
အလုပ်သမားရှာဖွေရေးရုံးများနှင့် ပြည်တွင်းအေဂျင်စီများ ချိတ်ဆက်ပြီး အလုပ်ရှင်များအတွက်
အလုပ်သမားလိုအပ်ချက်ကို အခက်အခဲမရှိ ဖြည့်ဆည်းဆောင်ရွက်သွားရန်လိုကြောင်း၊ MSME လုပ်ငန်းတွင်
အဓိကလိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင်လုပ်သားရရှိရေးအတွက်
အလုပ်ရှင်များအနေဖြင့် အလေးထားစီမံဆောင်ရွက်သွားရန်နှင့် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန
အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများ၊ အေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်
ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက်
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့်
(၁၆) ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS- TOPIK) ကျင်းပစစ်ဆေးနေမှုကို
သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment