Tuesday, May 7, 2024

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားတက်ရောက်

ပုသိမ် မေ ၇

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များတက်ရောက်ခဲ့ကြသည်။









ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယခုနှစ် (၂၀၂၄) ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းစတင်ခဲ့သည့် နှစ်(၅၀)မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား၏ ဆောင်ပုဒ်မှာ “ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့ ” ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကြောင့်သေဆုံးမှုကိုလျော့ချပြီး ကလေးများ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းလည်းဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းသည် နှစ်စဉ်အသက်ပေါင်းများစွာကို ကယ်တင်ပေးလျက်ရှိပြီး တစ်ကမ္ဘာလုံးတွင် ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်လာမှုများ၏ အောင်မြင်မှုပြယုဂ်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရောဂါ (၁၃) မျိုးကို ကာကွယ်သည့် ကာကွယ်ဆေးများကို ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်၌ ထည့်သွင်းထိုးနှံတိုက်ကျွေးပေးလျက်ရှိပါကြောင်း၊ “ ကလေးများ အနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း အသက်အရွယ်အလိုက် ထိုးနှံတိုက်ကျွေးရမည့် ကာကွယ်ဆေးများ တစ်ယောက်မကျန် ထိုးနှံတိုက်ကျွေးရေးအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း" တိုက်တွန်းအမှာစကားများ ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား အထိမ်းအမှတ်ဗီဒီယို ပြသမှုအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းနှင့် အသက် (၅) နှစ်အောက် ကလေးများအား အမီလိုက်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ကလေးငယ်များအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)

No comments:

Post a Comment