Saturday, May 11, 2024

မြန်မာ - တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ


 

နေပြည်တော် မေ ၁၀

မြန်မာ - တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်နှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်( Familiarization Trip– FAM Trip)တွင် လိုက်ပါလာ ကြသည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထိုသို့ ကြိုဆိုစဉ် စီပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် တာဝန်ရှိသူများက ရင်နှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်များကို အမှတ်တရပန်းကုံးများနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ကာ မြန်မာ့ရိုးရာ အိုးစည်ဒိုးပတ် သူငယ်တော်အကများဖြင့် လှိုက်လဲနွေးထွေးစွာနှုတ်ဆက်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို တရုတ်ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရန်နှင့် တရုတ်ခရီးသွားဈေးကွက်တွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို ပိုမိုသိရှိလာစေရေး မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စီစဉ်မှု၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် အဆိုပါအဖွဲ့ကို မြန်မာနိုင်ငံသို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ - တရုတ် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးရင်နှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip– FAM Trip)တွင်တရုတ်နိုင်ငံရှိပေကျင်း၊ ကူမင်း၊ ယူနန်၊ ကွေ့လင်၊ ချုံချင့်၊ ချန်ဒူး အစရှိသော ဒေသများမှ ခရီးသွားအေဂျင်စီများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ဌာနများနှင့် မီဒီယာများမှ ကိုယ်စားလှယ် ၄၁ ဦးတို့ လိုက်ပါလာကြပြီး မြန်မာနိုင်ငံ၏ အထင်ကရခရီးစဉ်ဒေသများဖြစ်သည့် ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ နေပြည်တော်၊ ငွေဆောင်စသည့် ခရီးစဉ်ဒေသများကို သွားရောက်လည်ပတ်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment