နေပြည်တော် ဧပြီ ၁၇
ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကုန်ဆုံး၍ ၁၃၈၆ ခုနှစ် နှစ်သစ်သို့ကူးပြောင်းသည့် နေ့ထူးနေ့မြတ် အချိန်အခါသမယ ဖြစ်သည့်အတွက် နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ကာလအတွင်း အတာရေဖြင့် ဆေးကြောသန့်စင်ပြီးစိတ်၏ အညစ်အကြေးများကို ကုသိုလ်ဒါနပြုခြင်းဖြင့် ဆေးကြောသန့်စင် ၍ နှစ်သစ်ကို မင်္ဂလာရှိစွာဖြင့် အစပြုလေ့ရှိရာ ယနေ့တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့်နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ကျောင်းကန်များ၌ ဥပုသ် သီလဆောက်တည်ခြင်း၊ သက်ကြီးဘိုးဘွားများကို တစ်ကိုယ်ရေ သန့်ရှင်းမှုများ ပြုလုပ်ပေးခြင်း၊ ကန်တော့ခြင်း၊ ဇီဝိတဒါနဘေးမဲ့လွှတ်ခြင်းနှင့် စတုဒိသာကျွေးမွေး လှူဒါန်းကြခြင်းစသည့် ကုသိုလ် ကောင်းမှုတို့ဖြင့် နှစ်သစ်ကိုအစပြုကြသည်။
နေပြည်တော် ကောင်စီနယ်မြေတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၊ ဓာတုဇယဓာတ်ပေါင်းစုစေတီတော်၊ မဟာသကျရံသီရုပ်ရှင် တော်မြတ်ကြီး၊ လှေခွင်းတောင်တန်ခိုးကြီးဘုရား၊ ဘုရားကိုးဆူ စေတီ၊ လောကမာရဇိန်စေတီ၊ ရန်အောင်မြင် ရွှေလက်လှဘုရား၊ သတ္တသတ္တာဟ သံဝေဇနိယလေး ဌာန၊ ဖောင်တော်ချက်မစေတီစသည့် ဘုရားစေတီများတွင် ဥပုသ်သီလ ခံယူဆောက်တည်ကြ သူများ၊ စတုဒိသာ ကျွေးမွေး လှူဒါန်းကြသူများဖြင့် စည်ကားလျက်ရှိပြီး ဇီဝိတဒါနအဖြစ် ငါးနှင့်ငှက်များကို ဘေးမဲ့လွှတ်ကြခြင်းဖြင့် နှစ်သစ်ကုသိုလ်အလှူများကို တစ်ဦးတစ်ယောက်ချင်းအလိုက်၊ မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် အစဉ်အလာမပျက် ပြုလုပ်ကြသည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာနများ၊ ရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများ၊ ဓမ္မာရုံများတွင်လည်း ဆရာတော်၊ သံဃာတော်များ ပင့်ဖိတ်၍ ပရိတ်တရားတော်များနှင့် အနန္တရာယိကကမ္မဝါစာများနာကြားကြကာ ကုသိုလ်ကောင်းမှု အစုစုတို့အတွက်အမျှပေးဝေခဲ့ကြပြီး နှစ်သစ်ကို ကုသိုလ် ကောင်းမှုများဖြင့် စတင်ခဲ့ကြသည်။
ထို့အတူ ရန်ကုန်မြို့ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော် နှစ်သစ်မင်္ဂလာအခါတော်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းနှင့် ရေစက်ချပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍ စေတီတော်ရင်ပြင် သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဦးစွာ ရွှေတိဂုံဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာ ရေး ဝတ်အသင်းအဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများက ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ရွှေတိဂုံစေတီတော် နှစ်သစ်မင်္ဂလာအခါတော်နေ့ အန္တရာယ်ကင်းပရိတ်တရား တော်နာယူခြင်းနှင့် ရေစက်ချပွဲအခမ်းအနားကို စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် သာသနာ့ဓဇ ဓမ္မာစရိယဘဒ္ဒန္တကဉ္စနထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက နဝင်္ဂသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်များနာယူကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ဇီဝိတဒါန ကုသိုလ်ပြု
ထို့နောက် ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော် မြောက်ဘက် အောက်ပစ္စယာ သိင်္ဂုတ္တရဥယျာဉ် တော်အတွင်းရှိ ရှင်ဥပဂုတ္တမင်္ဂလာ ကန်တော်တွင်ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများက တက်ရောက်ကြပြီး ကန်တော်အတွင်းသို့ ရောင်စုံငါးမြစ်ချင်း ငါးကောင်ရေ ၁၀၀၀ ဘေးမဲ့သက်လွှတ်၍ နှစ်သစ်အခါသမယ ဇီဝိတဒါန ကုသိုလ်ပြု ဆောင်ရွက်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများသည် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိကန်တော်ကြီး ဥယျာဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဇီဝိတဒါန ငါး၊ ငှက်လွှတ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ရွှေဝါရောင်ငါးမြစ်ချင်း အကောင်ရေနှစ်သိန်း၊ စာကလေး ငှက်ကောင်ရေ ၁၀၀၀၊ ချိုးငှက်ကောင်ရေ ၃၆ ကောင်တို့အား ဘေးမဲ့သက်လွှတ်၍ နှစ်သစ်အခါသမယ ဇီဝိတဒါနကုသိုလ်ပြုဆောင်ရွက်ကြသည်။
စတုဒိသာများ ကျွေးမွေး
ထို့အတူ မဟာဝိဇယစေတီတော်မြတ်ကြီး၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး၊ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၊ ဆူလေးစေတီတော်၊ ဝရဒါဋ္ဌာဓာတုစေတိယ စွယ်တော်စေတီတော်(ရန်ကုန်)၊ ရွှေဘုန်းပွင့်စေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရားတို့၌ မြန်မာနှစ်ဆန်းတစ်ရက်၌ နှစ်သစ်မင်္ဂလာ အခမ်းအနားများကို ယနေ့နံနက် ပိုင်းတွင်ကျင်းပကြပြီး ဘုရားဖူး လာပြည်သူများအား အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်းကြသည်။
အလားတူ ယနေ့ကျရောက်သော နှစ်သစ်ကူးပြောင်းသည့် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် မန္တလေးမြို့ပေါ်ရှိ ဘုရား၊ စေတီ၊ ပုထိုးများတွင် ဘုရားဖူးလာ ပြည်သူများ၊ မြို့နယ်၊ ရပ်ကွက်များ၌ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းကြသူများ၊ သီတင်းသီလဆောက်တည် ကြသူများနှင့် ဇီဝိတဒါနဘေးမဲ့ လွှတ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
စည်ကားလျက်ရှိ
ယနေ့နံနက် အရုဏ်တက်မှစ၍ မဟာမုနိရုပ်ပွားတော်မြတ်အား မျက်နှာသစ်တော်ဝတ်အဖွဲ့က မျက်နှာသစ်တော်မူပြီး မန္တလေးဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများက ရွှေသင်္ကန်းကပ်လှူခြင်း၊ ပန်း၊ ဆီမီးပူဇော်ခြင်း၊ ရေသပ္ပာယ်ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်အတွင်းရှိ ငါးကန်တွင်ဇီဝိတဒါနငါးလွှတ်ခြင်း၊ အစာကျွေးခြင်းစသည့် ကောင်းမှုအစုစုတို့ကို ယဉ်ကျေးမှုဓလေ့ထုံးတမ်း စဉ်လာမပျက်ထိန်းသိမ်းစောင့်ရှောက်လျက် ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။
ထို့ပြင် အောင်တော်မူမြတ်စွာဘုရား၊ ရွှေကျီးမြင်ဘုရား၊ ဘုရားနီဘုရား၊ စွယ်တော်မြတ်စေတီ၊ မန္တလေးတောင်၊ ကုသိုလ်တော်၊ စန္ဒာမုနိဘုရား၊ ကျောက်တော်ကြီးဘုရား၊ ကျောက်စိမ်းစေတီတော်စသည့် ဘုရားတို့တွင်လည်း ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိရာ စေတနာရှင်အလှူရှင်များကလည်း စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံခဲ့ ကြသည်။
ညနေပိုင်းတွင် မန္တလေးမြို့ အတွင်းရှိ ရပ်ကွက်များ၊ လမ်းများ၊ ဓမ္မာရုံများ၌ ဆရာတော်၊ သံဃာတော်များပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ၊ ကမ္မဝါစာများနာကြားကြကာနှစ်သစ်တွင် မကောင်းမှုကင်းစင်၍ ကောင်းမှုမင်္ဂလာများတိုးပွားစေရန် ကုသိုလ်ပွားများကြကာ မြန်မာ့နှစ်ဆန်းတစ်ရက် နှစ်သစ်မင်္ဂလာအခါသမယနေ့တွင် မန္တလေးမြို့တော်တစ်ခွင်လုံး၌ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။
ယနေ့သည် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းသည့် မြန်မာတို့၏ နှစ်သစ်ကူးအချိန် အခါသမယဖြစ်သည်နှင့်အညီ နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ကျောင်းကန်များ၌ ကုသိုလ်ကောင်းမှုပြုသူများ၊ အလှူအတန်းပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment