ရန်ကုန် ဧပြီ ၁၄
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အခါသမယတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲမည့် ကိုရီးယားအနုပညာရှင်များ ပါဝင်သော တတိယအဖွဲ့သည် ယနေ့ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
အဆိုပါ ကိုရီးယား K-pop အနုပညာရှင်များ တတိယအဖွဲ့တွင် Mr. PARK MOON HEE ဦးဆောင်သော
ကိုရီးယား K-pop အနုပညာရှင်များ ၁၉ ဦး ပါဝင်ကာ ယနေ့ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ထပ်မံရောက်ရှိလာရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်
နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်) တို့မှ ကျောင်းသား ကျောင်းသူများက နှစ်နိုင်ငံအလံများ
ဝှေ့ယမ်း၍လည်းကောင်း၊ အနုပညာရှင်များ၏ ဓာတ်ပုံနှင့် အမည်စာတန်းပါကားချပ်များ ကိုင်ဆောင်၍
စေတနာရှင် ရှမ်းအိုးစည်အဖွဲ့က ရှမ်းအိုးစည်များ တီးခတ်ကာလှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။
အဆိုပါ အဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ Hotel Yangon တွင် တည်းခိုကြမည်ဖြစ်ပြီး
ဧပြီ ၁၅ ရက်တွင် နေပြည်တော်သို့ သွားရောက်ကြမည်ဖြစ်ရာ နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင်
ပါဝင်ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment