Thursday, April 18, 2024

ကောင်းမှုဝေဆာ ကောင်းကျိုးဆောင်ကြဉ်း


 

မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ကူးပြောင်းသော နှစ်သစ်ကူးသင်္ကြန်ကာလတွင် နှစ်ဟောင်းမှအညစ်အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောသန့်စင်ပြီး နှစ်သစ်ကိုကြိုဆိုခဲ့ကြသည်။ နှစ်သစ်ကူးပြောင်းသည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အေးချမ်းတည်ငြိမ်ပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် ရက်မြတ်အချိန်အခါအဖြစ် တစ်နိုင်ငံလုံးကောင်းမှုများဝေဖြာပြီး ကောင်းကျိုးများဆောင်ကြဉ်းကြသည်မှာ မြန်မာတို့၏ မြတ်နိုးဖွယ်ယဉ်ကျေးမှုအစဉ်အလာတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကို အဓိကကိုးကွယ်ဆည်းကပ်သော နိုင်ငံဖြစ်သည်နှင့်အညီ ဘာသာတရား၏အဆုံးအမများနှင့်အညီ လိုက်နာဆောင်ရွက် လျက်ရှိသည်။ မွန်မြတ်သန့်စင်သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘာသာတရား၏ အနှစ်သာရများတွင်ပါရှိသည့်အတိုင်း နိုင်ငံတော်အစိုးရနှင့်တကွ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်ပြည်သူအပေါင်းတို့က ကောင်းသောအမှုကိစ္စအဝဝတို့ကို တက်ညီလက်ညီဆောင်ရွက်နေကြသည့် မြင်ကွင်းများကို မြင်တွေ့ရသည်မှာ စိတ်ချမ်းမြေ့ဝမ်းမြောက်စရာဖြစ်သည်။

ထိုနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်များသို့သွားရောက်၍ ၁၀ ပါးသီလ၊ ကိုးပါးသီလ၊ ရှစ်ပါးသီလ၊ ငါးပါးသီလစသည်ဖြင့် နိုင်သမျှဥပုသ်သီတင်းများကို ဆောက်တည်ကြသည်။ မိသားစုများအတူတကွ နှစ်ဖက်မိဘ၊ လူကြီးသူမများကို အသုံးအဆောင်ပစ္စည်းအမျိုးမျိုးဖြင့် သွားရောက်ကန်တော့ကြသည်။ လူငယ်အချို့ကလည်း သက်ကြီးရွယ်အို အဘိုးအဘွားများအားရေချိုးပေးခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ အသုံးအဆောင်ပစ္စည်းများဖြင့် ကန်တော့ခြင်းစသည့် ဂါရဝအမှုများကို ပြုလုပ်ကြသည်။ ညနေခင်းပိုင်းတွင် မြို့ရွာ၊ ရပ်ကွက်၊ လမ်းတိုင်း၌ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြခြင်းနှင့် ဇီဝိတဒါနအဖြစ် တိရစ္ဆာန်အမျိုးမျိုးတို့ကို ဘေးမဲ့ပေးကုသိုလ်ပြုကြသည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့် လည်းကောင်း ဥပဒေအရသတ်မှတ်ထားသည့် ပြစ်မှုပြစ်ဒဏ်အမျိုးအစားများမှလွဲ၍ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားအကျဉ်းသူများအား ပြဋ္ဌာန်းချမှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပေးပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ကို ထုတ်ပြန်ခွင့်ပြုပေးခဲ့သည်။

ဤသို့ဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံပြီး ကောင်းကျိုးများကို ကိုယ်စီကိုယ်စီ ဆောင်ကြဉ်း ကြခြင်းဖြင့် မြို့ရွာ၊ ရပ်ကွက်၊ ပြည်ပနိုင်ငံနှင့်တကွ တစ်လောကလုံးအေးချမ်းသာယာမှုအပေါင်းကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ထားကြသည်။ ကောင်းကျိုးများကို ဆောင်ကြဉ်းပေးမှုအလုံးစုံအတွက် သာဓုအနုမောဒနာခေါ်ယူစရာဖြစ်သည်။ မကောင်း မှုများကို ပြုလုပ်ခဲ့ကြသူများကိုလည်း မေတ္တာနှလုံးသားဖြင့် ခွင့်လွှတ်သည်းခံကာ မေတ္တာထားကြသော ကောင်းကျိုးများကြောင့် ငြိမ်းအေးချမ်းသာမှုအပေါင်းတို့ ဖြစ်ထွန်းလာလိမ့်မည်ဟုလည်း ပြည်သူအပေါင်းတို့က ယုံကြည်ထားကြသည်။

နှစ်ဟောင်းတွင် ပြုလုပ်မိခဲ့ကြသည့် မကောင်းသောအတွေး၊ မကောင်းသောအကြံအစည်၊ မကောင်းသောပြုလုပ်မှုများကို ပြည်သူပြည်သားအပေါင်းတို့၏ ကောင်းသောအမှု၊ ကောင်းသောမေတ္တာတရားတို့ကိုခံယူပြီး နှစ်သစ်တွင်ကောင်းသောအမှုများကို ပြုလုပ်ကြရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင်နှစ်ဟောင်းကာလက ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို မေတ္တာတရားများ လွှမ်းခြုံကာ ကျော်ဖြတ်ကြရမည်ဖြစ်သည်။ နှစ်သစ်တွင် နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူများ၏ ခိုင်မာသည့် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သတ္တိ၊ သည်းခံမှုနှင့် မေတ္တာတရားများဖြင့် အေးချမ်းသာယာဝပြောသော နိုင်ငံတော်ဖြစ်ပေါ်လာအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသား၊ မြန်မာလူမျိုးအပေါင်းတို့၏ နဂိုရှိရင်းစွဲ မွန်မြတ်သည့်စိတ်ထားများ မပျောက်မပျက်အောင် ထိန်းသိမ်းဆောင်ရွက်ပြီး တိုင်းပြည်ကောင်းကျိုးအတွက် ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာတို့၏ မွန်မြတ်သည့်ယဉ်ကျေးမှုအစဉ်အလာကို ထင်ဟပ်ဖော်ညွှန်းသည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည့် ကောင်းမှုကိစ္စအဝဝတို့ကို မင်္ဂလာရှိသော နှစ်သစ်ကာလတစ်လျှောက်လုံးတွင် ဆက်လက်ထိန်းသိမ်း လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြင့် မိမိတို့ဘဝ၊ မိမိတို့ပတ်ဝန်းကျင်နှင့် မိမိတို့နိုင်ငံတော်ကြီး ထာဝရအေးချမ်းသာယာဝပြောအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူအပေါင်းတို့၏ စိတ်ရင်းစေတနာကောင်းများနှင့် မွန်မြတ်သည့် မေတ္တာတရားများလွှမ်းခြုံနိုင်မှုကြောင့် အေးချမ်းသာယာဝပြောသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲမည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:

Post a Comment