Monday, March 25, 2024

(၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများ အား ဂုဏ်ပြုဖျော်ဖြေ



နေပြည်တော် မတ် ၂၄

(၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်သည့် စစ်ရေးပြ စစ်ကြောင်းများအား ဂုဏ်ပြုဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ကြည့်ရှုအားပေးသည်။



တက်ရောက်

အဆိုပါဂုဏ်ပြုဖျော်ဖြေပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ တပ်မတော်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်ရေးပြစစ်ကြောင်းများမှ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များ၊ တပ်မတော် (ကြည်း) အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီးစစ်ရေးပြတပ်ခွဲတို့မှ တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကြိုဆိုနှုတ်ဆက်

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အဖွဲ့အား စစ်ရေးပြအခမ်းအနားတွင် ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များနှင့် အနုပညာရှင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

စိတ်ရွှင်လန်းပျော်ရွှင်

ဖျော်ဖြေပွဲတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ဖွဲ့တို့မှ အနုပညာရှင်များက ဇာတိမာန်နှင့် မျိုးချစ်စိတ်ကို တက်ကြွစေမည့် တေးသီချင်းများ၊ ငြိမ့်ညောင်းသာယာလှသည့် မြန်မာသံတေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ အကအလှများဖြင့်လည်းကောင်း၊ နိုင်ငံကျော် ဟာသပညာရှင်များဖြစ်ကြသည့် ဒိန်းဒေါင်၊ အုန်းသီး၊ ငြိမ်းချမ်း၊ ချစ်စံနှင့် ဒိန်းမတ်တို့က စိတ်ပျော်ရွှင်ချမ်းမြေ့စေမည့် ဟာသပြက်လုံးများဖြင့်လည်းကောင်း ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကြရာ တက်ရောက်အားပေးကြသည့်ပရိသတ်များကလည်း စိတ်လက်ရွှင်လန်းပျော်ရွှင်စွာဖြင့် ကြည့်ရှု အားပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ရေးပြစစ်ကြောင်းများအား ဂုဏ်ပြုဖျော်ဖြေကြသည့် အနုပညာရှင်များနှင့်အတူ တပျော်တပါး ပါဝင်သီဆိုဆင်နွှဲရာ စစ်ရေးပြစစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များက တစ်ခဲနက်အားပေးကြသည်။

ကံစမ်းမဲဖောက်ပေး

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဒုတိယဝန်ကြီး ဦးရဲတင့်တို့သည် (၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ကြသည့် စစ်ရေးပြစစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များကို MRTV DTH စလောင်း ၁၀ စုံနှင့် DVB T2 Set Top Box အလုံး ၂၀၀ တို့ကို ပျော်ရွှင်စွာ ကံစမ်းမဲဖောက်၍ ပေးအပ်သည်။

သတင်းစဉ်

No comments:

Post a Comment