Monday, March 25, 2024

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲသို့ တက်ရောက်


မြစ်ကြီးနား မတ် ၂၄

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၂၀၂၄) ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲကို မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက် အံတော်ရှင်တောင်တန်း သာနာပြုကျောင်းတိုက်အတွင်းရှိ ဗဟိုဓမ္မဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင်၊ ခေမာသီဝံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာမဏ္ဍိတ၊ အဂ္ဂမဟာဇောတိကဓဇ ဘဒ္ဒန္တစန္တာဝရာဘိဝံသ အမှူးပြုသော ဆရာတော်/ သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်း အနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်သည်။

ထို့နောက် ပြည်နယ်သာသနာရေးမှူးက အခမ်းအနားဖွင့်စာတမ်းကို ဖတ်ကြားလျှောက်ထား တင်ပြပြီး ဆရာ‌တော်အရှင်သူမြတ်များထံမှ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြ သည့် ဧည့်ပရိတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မဟာသန္ဓမဇောတိကဓဇ ဘဒ္ဒန္တဂုဏာ လင်္ကာရ ဘွဲခံဆရာတော်က သမ္မောဒနီယသြဝါဒကထ မြွက်ကြားတော်မူသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းရခြင်းနှင့် သာသနာရေးဆိုင်ရာများကို လျှောက်ထားတော်မူပြီး ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ်တင်ထွန်းနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပင့်သံဃာတော်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ အမိန့်ကြေငြာစာအမှတ် (၁/၂၀၂၄)ဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ သည့် မဟာသဒ္ဒမဇောတိကဓဇ ဘွဲ့ခံဆရာတော် (၂)ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတဘွဲခံ ဆရာတော် တစ်ပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့ခံ ဆရာတော် တစ်ပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့ခံ ဆရာတော် (၄)ပါး၊ ကမ္မဌာနစရိယ ဘွဲ့ခံ ဆရာတော် တစ်ပါး စုစုပေါင်းဘွဲ့ခံ ဆရာတော် (၉)ပါးနှင့် သီဟသုဓမ္မမဏိ ဇောတဓရ၊ သဒ္ဓမ္မဇောတိကဓဇဘွဲ့ခံ လူပုဂ္ဂိုလ် နှစ်ဦး၊ မဟာသဒ္ဒမ္မဇောတိကဓဇ၊ ဂနထဝါစကပဏ္ဍိတ ဘွဲ့ခံ သီလရှင်ဆရာကြီး နှစ်ပါးတို့အား ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင်နှင့် လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေးခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ကြသည်။

ယင်းနောက် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ ဆရာတော် သံဃာတော်များနှင့် ဘွဲ့တံဆိပ်တော်ရ ဆရာတော်များ၊ သီလရှင်ဆရာကြီးများအား အံတော်ရှင်စေတီ တော် ပုရဝုဏ်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဌာနများနှင့် ဌာနဆိုင် ရာများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များ၊ အလှူရှင်များက ဆွမ်းဆန်တော်၊ ဆေးပစ္စည်း၊ လှူဖွယ်ပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့၌ (၁၃၈၅) ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား မြို့တော်အင်္ဂါရပ်နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး သင်္ကြန်မဏ္ဍပ်တည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆွမ်ပရာဘွမ်လမ်းမတစ်လျှောက် ရထားသံလမ်းကူးနေရာမှ ဆမားလမ်းဆုံ(ကျောက်စိမ်းတုံး) မီးပွိုင့်အထိ လမ်းလျှောက်သင်္ကြန် ကျင်းပပြုလုပ်နိုင်ရေး ပုသိမ်ထီး များ၊ ပိတောက်ပန်းခက်များဖြင့် အလှဆင်ယင်ထားရှိမှု၊ လမ်းလျှောက်သင်္ကြန်တစ်လျှောက် လောင်း လှေများ၊ နံ့သာမဏ္ဍပ်နှင့် ဌာနဆိုင်ရာများ၏ စတုဒီသာမဏ္ဍပ်များ ဆောင်ရွက်သွားမည့် အစီအစဉ် များ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ (၁၇၀ ပေ × ၆၅ ပေ)ရှိ ဗဟိုမဏ္ဍပ် တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ဗဟိုမဏ္ဍပ်၌ ရေ၊ မီးများ သွယ်တန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ် ဆေးခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment