ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးဒေသများသို့ အဓိကအားဖြင့် ထိုင်းလူမျိုးနှင့် တရုတ်လူမျိုးတို့ အများဆုံးလာရောက်ကြပြီး ဘာသာရေးအရ ယုံကြည့်မှုရှိသည့် ဘုရားစေတီပုထိုးများ၊ ကမ္ဘောဇသာဒီနန်းတော်ရာများကို လာရောက်လည်ပတ်မှု အများဆုံးဖြစ်၍ ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှုများသည့် နေရာများတွင် Public Toilet များ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုဆိုရာ ဝန်ဆောင်မှုကောင်းများလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ခရီးသွားကုမ္ပဏီများနှင့်ချိတ်ဆက်၍ လက်ရှိခရီးစဉ်ဒေသများအပြင် ဒေသထွက် MSMEs လုပ်ငန်းများနှင့်ပတ်သက်၍ လေ့လာရေးခရီးစဉ်ဒေသစ်များလည်း ဖော်ထုတ်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆည်/ တမံများ ပေါများပြီး လှပသော သဘာဝပတ်ဝန်းကျင်များရှိ၍ Eco Resort များ တည်ဆောက်နိုင်ရေး ဟိုတယ်လုပ်ငန်းရှင်များ ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ်ပြီး ခရီးစဉ်အဆင်ပြေချောမွေ့စေရေး၊ စိတ်ကျေနပ်မှု အပြည့်အဝရရှိစေရေး ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ၊ စားသောက်ဆိုင်များ၏ ဝန်ဆောင်မှုများ အဆင့်မြှင့်တင်သွားရမှာဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍသည် အခြားဝန်ဆောင်မှုကဏ္ဍပေါင်းစုံနှင့် ချိတ်ဆက်နေသဖြင့် သက်ဆိုင်ရာဝန်ထမ်းများ၏ ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်နိုင်ရေး သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ပြည်တွင်း/ ပြည်ပ ခရီးသွားများတည်းခိုသည့် ဟိုတယ်များတွင် အမှတ်တရပစ္စည်းများ၊ အဆင့်တန်းမီထုတ်ပိုးထားသည့် အသင့်စားဒေသအစားအစာများကို ခင်းကျင်းပြသရောင်းချရန်နှင့် နံနက်စာစီစဉ်ပေးရာတွင် ဒေသအစားအစာများ ထည့်သွင်းဧည့်ခံပေးရန် လိုအပ်ကြောင်း၊ ဒေသတွင်း ခရီးသွားများ လာရောက်လေ့လာလည်ပတ်နိုင်ရေး ဘာသာရေးပွဲတော်များ၊ ယဉ်ကျေးမှုပွဲတော်များ၊ ရာသီအလိုက်ပွဲတော်များ ကျင်းပမည့် အစီအစဉ်များအား ခရီးသွားကုမ္ပဏီများနှင့်ချိတ်ဆက်၍ ကြိုတင်အသိပေးခြင်းများ ဆောင်ရွက်သွားရန်နှင့် မြို့နယ်အလိုက် Public Used ဧရိယာများ၊ အပန်းဖြေရန်နေရာများ ထပ်မံတိုးချဲ့ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ နေရာကဏ္ဍအားလုံးတွင် မသန်စွမ်းသူများ အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် မြို့ပြသန့်ရှင်း သာယာလှပစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးက ဟိုတယ်လုပ်ငန်းလိုင်စင်သက်တမ်းတိုးမှုများ၊ ဧည့်လမ်းညွှန်သက်တမ်းတိုးခြင်းနှင့် ဟိုတယ်လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားခြင်းများအား Power Point ဖြင့် အသေးစိတ်တင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ဖြည့်စက်ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များက ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (၃၂) ဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး၌ တည်ငြိမ်အေးချမ်းခြင်း၊ ရေမြေသဘာဝကောင်းမွန်ခြင်း၊ ခရီးသွားဝန်ဆောင်မှုများ ပြည့်စုံလာခြင်းတို့ကြောင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ Package Tour (၆၅)ကြိမ်၊ ခရီးသွားဧည့်သည် စုစုပေါင်း (၈၃၉) ဦး လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ Package Tour (၂၁၇) ကြိမ်၊ ခရီးသွားဧည့်သည် စုစုပေါင်း (၄၇၃၇) ဦး လာရောက်လည်ပတ်ခဲ့သဖြင့် Package Tour အကြိမ်ရေနှင့် လူဦးရေပါတိုးတက်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)





No comments:
Post a Comment