Sunday, March 24, 2024

သီတဂူနွေရာသီစံကျောင်း (ပြင်ဦးလွင်) ၊ သီတဂူစန္ဒြကန္တိကျောင်းဆောင်တော်နှင့် တစ်ပါးနေ ကျောင်းဆောင်တော်များ ကျောင်းလွှတ်ပူဇာမင်္ဂလာအခမ်းအနား ကျင်းပ


 

နေပြည်တော် မတ် ၂၄

သီတဂူနွေရာသီစံကျောင်း (ပြင်ဦးလွင်) ၊ သီတဂူစန္ဒြကန္တိကျောင်းဆောင်တော်နှင့် တစ်ပါးနေ ကျောင်းဆောင်တော်များ ကျောင်းလွှတ်ပူဇာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာ၊ သီတဂူကုန်းတော်၌ ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊ သောဠဿမ ရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ သီတဂူဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များက ဘုရားအနေကဇာတင်ပူဇော်ကြသည်။ ထို့နောက် တာဝန်ရှိသူများနှင့် အလှူရှင်များက သီတဂူဆရာတော်ကြီးနှင့် ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်းများ ဆက်ကပ်ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက သီတဂူဆရာတော်ကြီးထံမှ ဩဝါဒကထာများ နာယူကြည်ညိုကြပြီး နဝကမ္မဝတ္ထုငွေများအား သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ထံ ဆက်ကပ်လှူဒါန်းကြကာ အနုမောဒနာတရား နာယူကြည်ညို၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက သီတဂူဆရာတော်ကြီး အမှူးပြုပြီး ဆရာတော်၊ သံဃာတော်တို့အား ဆန်ချီစေတီတော်ပေါ်၌ ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment