နေပြည်တော် မတ် ၂၃
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အလုပ်သမားဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉၅၉ ခုနှစ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းထားခဲ့ကြောင်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် အဆိုပါဥပဒေကို ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ပြီး လက်ရှိအစိုးရဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ကြောင်း။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းများကို ခေါ်ယူရာတွင် အမျိုးသမီးများကို လက်တလောခေါ်ယူရန် အစီအစဉ်မရှိသေးဘဲ အမျိုးသားဦးရေ ခြောက်သန်းကျော်မှ တစ်ရာခိုင်နှုန်းသာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာတွင်လည်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ခေါ်ယူသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ခြင်းအားဖြင့် နိုင်ငံတော်ကို ကာကွယ်နိုင်သည့် အသိပညာ၊ အတတ်ပညာများ တတ်မြောက်ခြင်း၊ အဖွဲ့အစည်းနှင့် လုပ်တတ်ကိုင်တတ်သည့် စိတ်ဓာတ်များရရှိခြင်း၊ နိုင်ငံချစ်စိတ်ရှိသူအချင်းချင်း၊ မိတ်ဆွေအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ စည်းကမ်းလိုက်နာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ လူမှုကွန်ရက်တွင် ဖော်ပြနေသည့် သတင်းများကို အမှန်ဟုမယူဆဘဲ လက်တွေ့ကျကျလေ့လာသုံးသပ်ပြီး မှန်ကန်သည့် သတင်းအချက်အလက်များကို ဖြန့်ဝေပေးခြင်းဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံ့အရေးတွင် မိမိတို့ကျရာ အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment