Sunday, March 24, 2024

(၆၄) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

 

နေပြည်တော် မတ် ၂၃

(၆၄) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၅) ၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းနယ်ပယ်နှင့် သက်ဆိုင်သောဌာနများမှ တာဝန်ရှိသူများ နှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ် မတ် ၂၃ ရက်ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်ပါကြောင်း၊ ယခု ၂၀၂၄ ခုနှစ် ကမ္ဘာ့မိုးလေဝသနေ့ဆောင်ပုဒ်မှာ “ရာသီဥတု ကောင်းမွန်ရေး အလေးထားဆောင်ရွက်ပေး (At the frontline of climate action)” ဖြစ်ပါကြောင်း၊ ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးလေဝသ၊ ဇလဗေဒနှင့် ရာသီဥတုဆိုင်ရာ အစွန်းရောက်ဖြစ်စဉ်များသည် ကမ္ဘာ့နေရာအနှံ့အပြားတွင် ပိုမိုဖြစ်ပွားလာလျက်ရှိရာ အထူးသဖြင့် ကျွန်းနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အခံရဆုံးဖြစ်ပါကြောင်း၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (World Meteorological Organization–WMO)၏ ထုတ်ပြန်ချက်များအရ ၂၀၂၃ ခုနှစ်သည် နှစ်ပေါင်း ၁၇၄ နှစ်အတွင်း ကမ္ဘာ့ အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ထားပါကြောင်း။

၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကိုးနှစ်တာကာလသည် အပူဆုံးကိုးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါကြောင်း၊ အပူချိန်မြင့်တက်လာမှုများကြောင့် သမုဒ္ဒရာများ ပူနွေးလာခြင်း၊ ရေခဲတောင်များနှင့် ရေခဲလွှာများ အရည်ပျော်ခြင်းတို့ဖြစ်ပေါ်စေပြီး ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင်သည် ၁၉၉၃ ခုနှစ်မှ ယနေ့အချိန်ထိ မှတ်တမ်းများအရ ၂၀၂၃ ခုနှစ်တွင် စံချိန်တင် မြင့်တက်လာပါကြောင်း၊ ထို့အပြင် ၂၀၂၃-၂၀၂၄ ခုနှစ်သည် အားအသင့် အတင့်မှ အားကောင်းသောအယ်လ် နီညိုနှစ်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် အပူချိန် စံချိန်သစ်များတင်ခဲ့ကာ ၂၀၂၄ ခုနှစ်သည်လည်း ၂၀၂၃ ခုနှစ်ထက် ပိုမိုပူပြင်းလာနိုင်မည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားပါကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်သည် ကမ္ဘာအရပ်ရပ်ရှိ မိုးလေဝသနှင့် ရာသီဥတုဖြစ်စဉ်များအပေါ် သက်ရောက်လေ့ရှိသည့်အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း နွေကာလများတွင် ပူပြင်းခြောက်သွေ့ခြင်းနှင့် မိုးခေါင်၍ ရေရှားပါးမှုပြဿနာများ ကြုံတွေ့ရခြင်း၊ မိုးကာလများတွင် အနောက်တောင်မုတ်သုံလေအဝင်နောက်ကျခြင်း၊ မုတ်သုံလေအင်အားနည်းခြင်း၊ မုတ်သုံမိုးနည်းခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း စသည့်အစွန်းရောက် မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ ပြဿနာများ ကြုံတွေ့ရတတ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များနှင့် ဘေးအန္တရာယ်များ လျော့ပါးသက်သာစေပြီး နောင်အနာဂတ်တွင် ပိုမိုကောင်းမွန် သည့်ရာသီဥတုများ ပိုင်ဆိုင်နိုင်စေရန် နိုင်ငံတွင်းသာမက ဒေသတွင်းနိုင်ငံများမှ အစိုးရအဖွဲ့အစည်းများနှင့်အတူ ပြည်သူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်လိုအပ်ကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အနေဖြင့်လည်း မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များကို ပိုမိုတိကျမှန်ကန်စွာ ထုတ်ပြန်ပေးနိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများကို ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့်အတူ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် Prof. Celeste Saulo က ပေးသို့သောသဝဏ်လွှာဗီဒီယိုနှင့် မိုးလေဝသနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ Video Clip တို့ကိုပြသပြီး ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနား ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဆုများချီးမြှင့်ပေးအပ်ပြီး ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ ခင်းကျင်းပြသထားသော မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အထိမ်းအမှတ်ပြခန်းကို လှည့်လည်ကြည့်ရှုကြသည်။

မွန်းလွဲပိုင်းတွင် မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင်ဘာသာရပ်ဆိုင်ရာ စာတမ်း ၁၅ စောင်ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ အရာထမ်း/ အမှုထမ်းများက ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment