နေပြည်တော် ဖေဖော်ဝါရီ ၈
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်သည် ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ သင်တန်းတက်ရောက်လျက်ရှိသည့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်း သင်တန်းသား၊ သင်တန်းသူများ၊ တက္ကသိုလ်ရှိသင်ကြားရေးနှင့် အုပ်ချုပ်မှုဌာန အသီးသီးမှ ဆရာ၊ ဆရာမနိုင်ငံ့ဝန်ထမ်းများကို ရတနာသိင်္ဃခန်းမ၌တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က အစိုးရကဦးဆောင်ချမှတ်သည့် လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် အင်အားကောင်းသော၊ လုပ်ငန်းကျွမ်းကျင်မှုရှိသော၊ စည်းကမ်းရှိသော၊ စနစ်တကျ ဆောင်ရွက်နိုင်စွမ်းရှိသော နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများ၏ စွမ်းအားသည် အရေးကြီးဆုံးသော ကနဦးလိုအပ်ချက် တစ်ချက်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝကို အကာအကွယ်ပေးရန် အင်အားကောင်းသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ မဖြစ်မနေလိုအပ်ပါကြောင်း၊ ပြည်သူလူထုနှင့် နိုင်ငံတော်ကို အကျိုးပြုရန်အတွက် စနစ်တကျဖွဲ့စည်းထားသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းမှတစ်ဆင့် ကောင်းမွန်သော အစိုးရဖြစ်လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့် ဆောင်ပုဒ်ကို အခြေခံအုတ်မြစ်တစ်ခုအဖြစ် ချမှတ်ထားသည်ကို သိကြစေလိုကြောင်း၊ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဩဇာအာဏာ ထူထောင်ရန်မဟုတ်ဘဲ ပြည်သူလူထုအကျိုးကိုသာ ရှေးရှုပြီး အာဏာကိုကန့်သတ်ရန်၊ အာဏာကိုဖြန့်ခွဲရန် စသည့်ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်ရန်လိုကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)၏ အနှစ်သာရ သဘောတရားများနှင့်အညီ အစိုးရအဖွဲ့၏ မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ ရွေးချယ်ဖွဲ့စည်း၊ လေ့ကျင့်၊ ပြုစုပျိုးထောင်ပေးရေး၊ တည်ငြိမ်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံတော်တည်ဆောက်ရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ သို့အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များကို ဖွဲ့စည်းပြီးစည်းကမ်းရှိ၍ စနစ်တကျ လုပ်ဆောင်နိုင်သော နိုင်ငံ့ဝန်ထမ်းအမှုထမ်း၊ အရာထမ်းများဖြစ်စေရန်၊ ဌာနဆိုင်ရာအလိုက် သီးခြားလိုအပ်သည့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ သင်ကြားလေ့ကျင့်ပေးပြီး ကဏ္ဍနယ်ပယ်အလိုက် ကျွမ်းကျင်မှုရှိသော ဝန်ထမ်းများကို လေ့ကျင့်မွေးထုတ်ပေးရန်နှင့် သီးခြားစီတာဝန်ခွဲဝေဆောင်ရွက်လျက်ရှိသော လုပ်ငန်းကဏ္ဍများကို ဆက်စပ်ဆောင်ရွက်နိုင်ရန်အတွက် စီမံအုပ်ချုပ်မှုယန္တရား ဖွဲ့စည်းတည်ဆောက်ပေးရန်ဟု ရည်မှန်းချက်များ ထားရှိဖော်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လေ့ကျင့်သင်ကြားရေးအပိုင်းတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ တာဝန်ယူသည့်ကာလအတွင်း နိုင်ငံ့ဝန်ထမ်း စုစုပေါင်း ၃၇၅၁၄ ဦးကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးနိုင်ခဲ့ပါကြောင်း၊ သင်တန်းတက်ရောက်ရန်အတွက် ဝန်ထမ်း၏ ကျန်းမာရေးကို ဂရုတစိုက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုနှစ်အတွင်း သွားလာရေးအခက်အခဲကြောင့် သင်တန်းသား ၂၉၇ ဦး ကင်းလွတ်ခွင့်ပေးခဲ့ပြီး ကျန်းမာရေးကိစ္စကြောင့် စနစ်တကျ ဆေးကုသခံယူရန် သင်တန်းကင်းလွတ်ခွင့်ဖြင့် ၇၃ ဦး ပြန်လည်စေလွှတ်ခဲ့ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ကာယကျန်းမာရေးနှင့် စိတ်ကျန်းမာရေးကိုလည်း မျက်ခြည်မပြတ် မိဘသဖွယ် ဆောင်ရွက်ပေးနေသည်ကို သိရှိကြစေလိုပြီး တစ်ဦးချင်းစီမှလည်း ကာယကျန်းမာရေးနှင့် စိတ်ကျန်းမာရေး ကောင်းမွန်ပြည့်စုံနေရန် ကိုယ်စီထိန်းသိမ်းကြရမည် ဟူသော အသိရှိနေရန်လိုပါကြောင်း။
မိမိတို့နိုင်ငံအပေါ်မှာ အခွင့်အရေးယူလိုသောနိုင်ငံများ၊ မဟာဗျူဟာအရ အသုံးချလိုသော အင်အားကြီးနိုင်ငံများ၊ နိုင်ငံရေးမျိုးစေ့မမှန်သော ပြည်တွင်းမှ အခွင့်အရေးသမားများ ပေါင်းစပ်မိပြီး ပေါ်ထွက်လာခဲ့သည့် အကြမ်းဖက် အကျပ်ကိုင်ခဲ့မှုများကြောင့် မတည်မငြိမ်ဖြစ်ပြီး ကျဆင်းခဲ့ရသည့် ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်ကုသမှု လုပ်ငန်းများ၊ စီးပွားရေးဆိုင်ရာ အခွင့် အလမ်းကောင်း ဖန်တီးပေးနိုင်မှု အခြေအနေများနှင့် ကသောင်းကနင်း ဖြစ်လျက်ရှိသော အခြေအနေအရပ်ရပ်ကို ပြန်လည်တည်မတ်နိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် လုံခြုံရေးဆိုင်ရာ အချို့သော အကျပ်အတည်းများ ကြားမှ ပြည်သူလူထု၊ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း။
တစ်ချိန်က အရှေ့တောင်အာရှတွင် အင်အားကြီးသောလက်နက် နိုင်ငံတော်တစ်ခုဖြစ်ခဲ့ရာမှ အားနည်းသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း၊ မပီပြင်သည့် စီမံအုပ်ချုပ်ရေးအခြေအနေ ဖြစ်ပေါ်ခဲ့ချိန်များတွင် အချုပ်အခြာအာဏာ ဆုံးရှုံးရသည်အထိ ဖြစ်ခဲ့သည့် သမိုင်းကိုမမေ့ရန်လိုကြောင်း၊ နောက်ထပ်အလားတူအမှားမျိုး ထပ်မံမဖြစ်ပေါ်စေရန် စနစ်တကျ အားကောင်းသော စီမံအုပ်ချုပ်မှုစနစ် (နိုင်ငံ့ဝန်ထမ်းစနစ်) တည်ဆောက်ရန် ဝိုင်းဝန်းကြိုးပမ်းသွားရန် လိုအပ်ကြောင်း။
သို့အတွက် မွန်မြတ်သော တာဝန်များကို ထမ်းဆောင်နိုင်ရန် ဝန်ထမ်းတစ်ဦးချင်းစီကလည်း မိမိတို့၏ ကိုယ်ကာယကျန်းမာရေး၊ စိတ်ကျန်းမာရေးကို ပြုစုပျိုးထောင်ကြရန်နှင့် သမိုင်းသင်ခန်းစာများကိုသိရှိကြပြီး မိမိတို့တာဝန်ထမ်းဆောင်သော ဝန်ထမ်းအဖွဲ့အစည်းများ ခိုင်မာအားကောင်းပြီး ပြည်သူလူထုနှင့်နိုင်ငံတော်မှ အားကိုးအားထားပြုထိုက်သူများ ဖြစ်စေရန် ဆရာ၊ဆရာမများသင်တန်းသား၊ သင်တန်းသူများအနေဖြင့် အမြဲအမှတ်တရ သတိထားကြိုးစားသွားကြရန် တိုက်တွန်းမှာကြားပြီး တက်ရောက်လာကြသော ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်
No comments:
Post a Comment