နေပြည်တော် ဇန်နဝါရီ ၂၇
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ အားကစားနည်းအလိုက် သက်ဆိုင်ရာကွင်း/ရုံများတွင် ယနေ့ဆက်လက်ကျင်းပပြီး နံနက် ၉ နာရီတွင် Boxing Indoor Stadium ၌ တက္ကသိုလ်ပေါင်းစုံပိုက်ကျော်ခြင်း အမျိုးသား ၃ ယောက်တွဲ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။
ယနေ့ကျင်းပသော ပိုက်ကျော်ခြင်းပွဲစဉ်များသည် ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်များဖြစ်ရာ တက်ရောက်လာသော ဇုန်အသင်းများမှ ကျောင်းသားအားကစားသမားများသည် အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြပြီး ကွာတားဖိုင်နယ်ပွဲစဉ်များတွင် မိတ္ထီလာဇုန်အသင်းက ဘားအံဇုန်အသင်းကို လည်းကောင်း၊ မြစ်ကြီးနားဇုန်အသင်းက ကျိုင်းတုံဇုန်အသင်း ကိုလည်းကောင်း၊ မကွေးဇုန်အသင်းက ပြည်ဇုန်အသင်းကိုလည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်းဇုန် အသင်းက နေပြည်တော်ဇုန်အသင်းကို လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
ယင်းနောက် ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားကြရာ မိတ္ထီလာဇုန်အသင်းက မြစ်ကြီးနားဇုန်အသင်းကိုလည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်းဇုန်အသင်းက မကွေးဇုန် အသင်းကိုလည်းကောင်း အနိုင်ရရှိခဲ့ကြပြီး ဗိုလ်လုပွဲတွင် မိတ္ထီလာဇုန်အသင်းနှင့် ရန်ကုန်အရှေ့ပိုင်းဇုန်အသင်း၊ တတိယနေရာလုပွဲတွင် မြစ်ကြီးနားဇုန်အသင်းနှင့် မကွေးဇုန်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြရမည်ဖြစ်သည်။ ပွဲစဉ်များအပြီးတွင် ဒုတိယဝန်ကြီးသည် ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ၊ ဒိုင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းသား အားကစားသမားများကို တစ်ဦးချင်း ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
သတင်းစဉ်
No comments:
Post a Comment