Monday, November 13, 2023

ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့အထိ တင်ပို့နေရသည့် တာချီလိတ်မြို့မှ Honey ကျန်းမာခြင်းနှင့် အလှအပထုတ်ကုန်များ

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ တာချီလိတ်မြို့နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းအရေအတွက်မှာ ၅၄ ခုရှိပြီး လူသုံးကုန်ထုတ်လုပ်သည့် စွန့်ဦးတီထွင်လုပ်ငန်း လေးခု ပါဝင်ကြောင်းသိရသည်။ အဆိုပါ စွန့်ဦးတီထွင်လုပ်ငန်းများအနက်မှ တာချီလိတ်မြို့နယ် ပါလျှံ (၃) ရပ်ကွက်ရှိ Honey ကျန်းမာခြင်းနှင့် အလှအပဆိုင်ရာ လူသုံးကုန်ထုတ်လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် မနွယ်နွယ်ထွန်းနှင့် တွေ့ဆုံမေးမြန်းမှုကို ရေးသားတင်ပြလိုက်ရပါသည်။

 




မေး ။                ။ လုပ်ငန်းစတင်ဆောင်ရွက်ဖြစ်ပုံကို ရှင်းပြပေးပါဦး။

ဖြေ ။                ။ အလှပြုပြင်ရေးလုပ်ငန်းကို သူများဆိုင်မှာ လေ့လာသင်ယူတဲ့ကာလ သုံးနှစ်နဲ့ ကိုယ်တိုင်ဆိုင်ဖွင့် လုပ်ကိုင်တဲ့ကာလ ကိုးနှစ်ကျော်အတွေ့အကြုံတွေအရ မျက်နှာအသားအရေ သန့်ရှင်းလှပဖို့နဲ့ ဆံသားအတွက် အာဟာရဖြစ်စေတဲ့ပစ္စည်းတွေကို သိလာတယ်၊ ပြီးတော့ ပြည်ပကနေဝင်လာတဲ့ပစ္စည်းတွေကို အသုံးပြုရတဲ့အခါ ကုန်ကျစရိတ် ကြီးမားတဲ့အတွက် ပြည်တွင်းမှာရှိတဲ့ သဘာဝ ပစ္စည်းတွေကိုအခြေခံပြီး အရည်အသွေးပြည့်မီတဲ့ ပစ္စည်းတွေကို ကိုယ်တိုင်ထုတ်လုပ်ချင်တဲ့စိတ် ဖြစ်လာတဲ့အတွက် လေ့လာသင်ယူပြီး လုပ်ငန်းစတင် ဆောင်ရွက်ဖြစ်ခဲ့တာပါ။

မေး ။                ။ ဘယ်လိုကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုပြီး ဘယ်လိုပစ္စည်းအမျိုးအစားတွေကို ထုတ်လုပ်တယ်ဆိုတာလည်း သိပါရစေ။

ဖြေ ။                ။ အခုလက်ရှိ Honey မျက်နှာသစ်ဆပ်ပြာရယ်၊ Honey တစ်မိနစ်ဆံပင်ပေါင်းဆေးရယ် နှစ်မျိုးထုတ်လုပ်ပါတယ်။ မျက်နှာသစ်ဆပ်ပြာကိုတော့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေဖြစ်တဲ့ ရှားစောင်းလက်ပပ်၊ သံလွင်ဆီ၊ ပျားရည်တို့ကို အခြေခံပြီး ထုတ်လုပ်ထားတာပါ၊ ဆံပင်ပေါင်းဆေးကိုတော့ သံလွင်ဆီနဲ့ ဆံသားအတွက် အာဟာရဖြစ်စေတဲ့ ပြည်တွင်းထုတ် အဆီတွေကို ပြည်ပကလာတဲ့ ကုန်ကြမ်းတွေနဲ့ အချိုးကျပြန်လည် ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

မေး ။                ။ လက်ရှိ ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချနေမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှု အခြေအနေကိုလည်း ရှင်းပြပေးပါဦး။

ဖြေ ။                ။ အခုလို မျက်နှာသစ်ဆပ်ပြာနဲ့ ဆံပင်ပေါင်းဆေးတွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့အတွက် တာချီလိတ်မြို့အပြင် တောင်ကြီး၊ လားရှိုး၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ နေပြည်တော်၊ ပူတာအို စတဲ့မြို့နယ်တော်တော်များများက လက်ခွဲကိုယ်စားလှယ်တွေကို အရင်းအနှီးနည်းနည်းနဲ့ အလုပ်အကိုင်အခွင့် အလမ်းရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

မေး ။                ။ ပြည်ပကို တင်ပို့နေမှုအခြေအနေကိုလည်း ရှင်းပြပေး ပါဦး။

ဖြေ ။                ။ ထိုင်း၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေကို တင်ပို့နေပါတယ်။ ထိုင်းနိုင်ငံကိုတော့ အဓိကပို့ပါတယ်။

မေး ။                ။ Honey က ထုတ်လုပ်တဲ့ပစ္စည်းတွေကို အသုံးပြုခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကိုလည်း ရှင်းပြပေးပါဦး။

ဖြေ ။                ။ Honey မျက်နှာသစ်ဆပ်ပြာကို သဘာဝဆေးဖက်ဝင် ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့အပြင် ရွှေလည်းပါဝင်တာကြောင့် မျက်နှာနဲ့အသားအရေ သန့်ရှင်းကောင်းမွန်မှုကို များစွာအကျိုးကျေးဇူးရှိသလို ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ Honey တစ်မိနစ်ဆံပင်ပေါင်းကို ပြည်တွင်းကဆံသားကို အာဟာရဖြစ်စေတဲ့ အဆီတွေနဲ့ ပြည်ပကကုန်ကြမ်းကို အခြေခံထုတ်လုပ်ထားတာကြောင့် ဈေးနှုန်းလည်း သင့်တင့်သလို ဆံသားပျက်စီးမှု၊ ဆံသားကျိုးကြေမှု၊ ဆံသားပွခြင်းနဲ့ ဆံသားမွဲခြောက်ခြင်းတွေကို ကာကွယ်ပေးပါတယ်။ ဒီပစ္စည်းတွေက ဓာတ်ခွဲခန်းအဖြေလည်း အောင်မြင်ပြီးသားဖြစ်တဲ့အတွက် သုံးစွဲသူတွေအနေနဲ့ ယုံကြည်စိတ်ချစွာ သုံးစွဲလို့ရပါတယ်။

မေး ။                ။ လက်ရှိ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရာမှာ တွေ့ကြုံရတဲ့ အခြေအနေတွေကိုလည်း ရှင်းပြပေးပါဦး။

ဖြေ ။                           အခုချိန်မှာ နိုင်ငံတော်က MSME လုပ်ငန်းတွေကို အားပေးမြှင့်တင် ဆောင်ရွက်ပေးတဲ့အတွက်ရော ကျွန်မတို့လိုလုပ်ငန်းထူထောင်သူတွေကို စားသုံးသူရေးရာဦးစီးဌာနနဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ကလည်း အစစအရာရာ ကူညီပေးတဲ့အတွက်ပါ အဆင်ပြေပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

မေး ။                ။ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ဖို့ အစီအစဉ်တွေရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ ။                ။ လက်ရှိထုတ်ကုန်နှစ်မျိုးအပြင် အောင်မဲညိုကို အခြေခံပြီး ခေါင်းလျှော်ရည် ဆက်လက်ထုတ်လုပ်ဖို့ ရှိပါတယ်။

ကျွန်မတို့လို လုပ်ငန်းထူထောင်လုပ်ကိုင်လိုသူတွေကို သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီး ကျွန်မတို့ သိထားတတ်ထားတာတွေကို ဆက်လက်ဖြန့်ဝေပေးသွားဖို့ရှိပါတယ်။ အခုချိန်မှာ နိုင်ငံတော်ကလည်း MSME လုပ်ငန်းတွေကို အားပေးနေသလို သက်ဆိုင်ရာဌာနတွေကလည်း ကူညီပေးနေတဲ့အတွက် လုပ်ငန်းထူထောင် လုပ်ကိုင်လိုသူတွေအနေနဲ့ စတင်လုပ်ကိုင်လို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

တာချီလိတ်မြို့နယ်ရှိ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေး (MSME) လုပ်ငန်းများအနက် Honey ကျန်းမာခြင်းနှင့် အလှအပဆိုင်ရာ လူသုံးကုန်ထုတ်လုပ်ငန်းသည် မိသားစုဝင်တိုးပွားရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းဖန်တီးပေးနိုင်သည်သာမက ပြည်ပသို့ပင် ပြန်လည်တင်ပို့နေသည့်အတွက် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

တွေ့ဆုံမေးမြန်း - သန်းဇော်

ဓာတ်ပုံ- ကျော်ဇေယျာလင်း

No comments:

Post a Comment