Tuesday, November 14, 2023

ကျန်းမာရေးအသိဖြင့် ရောဂါများကိုကာကွယ်

 


အပြည်ပြည်ဆိုင်ရာဆီးချိုအဖွဲ့ချုပ်၏ ၂၀၂၁ ခုနှစ်ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းတွင် ဆီးချိုဖြစ်ပွားနေသူ ၅၃၇ သန်းရှိ၍ လူ ၁၀ ဦးတွင် တစ်ဦး ဆီးချိုရောဂါဖြစ်ပွားနေပြီး ဆီးချို၊ သွေးချိုဖြစ်ပွားနေသူ လူဦးရေတစ်ဝက်ခန့်သည် မိမိတွင် ဆီးချိုရောဂါဖြစ်နေသည်ကို မသိရှိကြပေ။ ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားမှုကြောင့် သေဆုံးရမှုသည် နှစ်စဉ်မြင့်မားလျက်ရှိပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သေဆုံးမှုပိုများနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် စစ်တမ်းအရ ကနဦး ဆီးချိုရောဂါအဆင့်ရှိသူ ၁၉ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး ထိုသူများသည် ဆီးချိုရောဂါဝေဒနာရှင်အဖြစ်နှင့် နောက်ဆက်တွဲရောဂါဖြစ်နိုင်ခြေ အလွန်များနေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစီရင်ခံစာအရ အသက်(၂၅)နှစ်မှ (၆၅)နှစ်အတွင်း ဆီးချိုရောဂါဖြစ်ပွားနေသူ ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး သွေးတိုးရောဂါဖြစ်ပွားနေသူမှာ ၂၆ ရာခိုင်နှုန်း၊ သွေးအတွင်းအဆီဓာတ်များနေသူများမှာ ၃၆ ဒသမ ၇ ရာခိုင်နှုန်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲသူ ၅၄ ဒသမ ၄ ရာခိုင်နှုန်း၊ အဝလွန်ကဲသူ ၂၂ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ဆီးချို၊ သွေးချိုရောဂါသည် ကျောက်ကပ်ပျက်စီးခြင်းကိုဖြစ်စေပြီး ရောဂါနောက်ဆက်တွဲဆိုးကျိုးကြောင့် ခြေထောက်ဖြတ်ခံရနိုင်ခြေ ၁၅ ဆမှ အဆ ၄၀ မြင့်မားနေသည်။ ထို့အပြင် မျက်စိအမြင် ဆုံးရှုံးနိုင်ခြေမှာလည်း ပိုများနေသည်။ ထို့အပြင် နှလုံးသွေးကြောကျဉ်းရောဂါနှင့် လေဖြတ်လေငန်းရောဂါဖြစ်စေနိုင်သည့် အန္တရာယ်ရှိနေသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆီးချိုရောဂါပညာပေး ကုသမှုဌာနများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ဆေးရုံကြီးလေးခုနှင့် မကွေးပြည်သူ့ဆေးရုံကြီးတွင် ဖွင့်လှစ်ထားသည့်အပြင် နိုင်ငံတစ်ဝန်းရှိ ကျေးလက်ကျန်းမာရေးဌာနများ၊ ဒေသန္တရကျန်းမာရေးဌာနများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနများတွင် ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါများကို ကုသပေးလျက်ရှိသည်။ ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါများကို ကျန်းမာရေးဝန်ထမ်းများက အခမဲ့စစ်ဆေးကုသပေးခြင်း၊ လိုအပ်လျှင် လွှဲပြောင်းကုသမှုခံယူစေခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်နေထိုင်ရမည့် နည်းလမ်းများနှင့်လေ့ကျင့်ခန်းများကို သင်ကြားပြသပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူလူထုအနေဖြင့်လည်း ဆီးချို၊ သွေးချိုရောဂါနှင့်ပတ်သက်၍ သိမှတ်စရာများကို ကိုယ်တိုင်လိုက်နာကျင့်သုံးရုံသာမက မိသားစု၊ ပတ်ဝန်းကျင်နှင့် ပြည်သူလူထုတစ်ရပ်လုံးသို့ ပျံ့နှံ့အောင် အသိပညာများလက်ဆင့်ကမ်းမျှဝေပေးခြင်းဖြင့် ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားမှုမှ ကင်းဝေးအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည်ဆိုသည့် ကျန်းမာရေးလမ်းညွှန်ချက်အတိုင်း မကူးစက်နိုင်သောရောဂါများဖြစ်ပွားခြင်းမရှိစေရန် လူတစ်ဦးချင်းတစ်ယောက်ချင်းကိုယ်တိုင်က မိမိတို့၏ အပြုအမူ အနေအထိုင်အစားအသောက်များကို ကျန်းမာရေးနှင့်ညီညွတ်သောပုံစံအဖြစ် ပြောင်းလဲနိုင်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်သည်။ ဆီးချို၊ သွေးချိုရောဂါကာကွယ်နိုင်ရန်အတွက် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးဆိုသကဲ့သို့ ကိုယ်လက်လှုပ်ရှားအားကစား နည်းတစ်မျိုးမျိုးကို နေ့စဉ်ပြုလုပ်သင့်ပါသည်။ မျက်မှောက်ကာလတွင် ပြည်သူများကြား လူ ၁၀ ဦးတွင် တစ်ဦးသည် ဆီးချို၊ သွေးချိုရောဂါကဲ့သို့ မကူးစက်တတ်သော ရောဂါတစ်မျိုးမျိုးဖြစ်ပွားနေသည်ကို တွေ့ရမည်ဖြစ်သည်။ ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားနေမှုကို သတိမမူမိတတ်ကြသဖြင့် ၎င်းရောဂါများ၏ ကနဦးလက္ခဏာများဖြစ်သော ရေအလွန်ငတ်ခြင်း၊ နုံးခွေခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း၊ မျက်စိအမြင် မှုန်ဝါးလာခြင်း၊ ဒဏ်ရာနှင့်အနာများ သက်သာပျောက်ကင်းမှုနှေးခြင်း၊ အနာမကျက်ခြင်း၊ မကြာခဏရောဂါပိုးကူးစက်ခံရပြီး ဖျားနာခြင်းများဖြစ်ပေါ်လာလျှင် သတိပြုစစ်ဆေးကြရမည်ဖြစ်သည်။ ကနဦးလက္ခဏာများကို သိရှိသည်နှင့် တစ်ပြိုင်တည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ပြသကြပြီး ဆရာဝန်၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် အများပြည်သူတို့ အဖြစ်များနေသည့် ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်နှင့် နှလုံးသွေးကြော စသည့်မကူးစက်နိုင်သောရောဂါများ ကြီးထွားလာသည်ကိုတွေ့ရမည် ဖြစ်သည်။ အဆိုပါရောဂါများနှင့်ပင် လူ့အသက်များ၊ ဘဝများဆုံးရှုံးပျက်စီးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ အဆိုပါရောဂါများသည် လူတစ်ဦးမှတစ်ဦး ကူးစက်ခြင်းကြောင့်မဟုတ်ဘဲ လူတို့၏ သတိမပြုအလေးမထားနိုင်သည့် အပြုအမူ၊ နေထိုင်၊ စားသောက်၊ လုပ်ကိုင်မှုများကြောင့် ရောဂါများရလာခြင်းဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။ လူတို့၏ လူမှုဘဝ နေထိုင်စားသောက်မှုပုံစံများကို ပြုပြင်လုပ်ကိုင်ဆောင်ရွက်ကြမည်ဆိုလျှင် ကျန်းမာရေးနှင့်ညီညွတ်သောဘဝများကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ လူတို့၏ လူမှုစီးပွားဘဝများကို ပျက်စီးထိခိုက်ဆုံးရှုံးစေနိုင်သည့် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားခြင်းမရှိစေရန်အတွက် လူတစ်ဦးချင်းအလိုက် နေထိုင်စားသောက်မှုဘဝပုံစံများကို သတိပြုဆင်ခြင် ပြောင်းလဲလုပ်ကိုင်ဆောင်ရွက်ကြခြင်းအားဖြင့် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစေနိုင်သည့်ဘဝများကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း။        

ကြေးမုံ(အယ်ဒီတာ့အာဘော်)

No comments:

Post a Comment