နေပြည်တော် နိုဝင်ဘာ ၁၃
အဋ္ဌမအကြိမ် အင်းသားအမျိုးသားနေ့ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ ကျောက်တိုင်ကွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံအင်းတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ သဘာပတိနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။ ထို့နောက် ဖောင်တော်ပြန်ဆိပ် အင်းလေးကန်အတွင်း အင်းသားရိုးရာ ရာကျော်လှေ (၁၄)စီး၊ ၄၆ တပ်လှေ(၆)စီးတို့ဖြင့် ဒေသခံတိုင်းရင်းသား/ တိုင်းရင်းသူများ ချီတက်လှော်ခတ်လာနေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။ ယင်းနောက် အခြေခံပညာ အထက်တန်းကျောင်း(ဟဲယာရွာမ) ကျောင်းသား/ကျောင်းသူများက အင်းသားတိုင်းရင်းသားရိုးရာအကဖြင့် ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အဋ္ဌမအကြိမ် အင်းသားအမျိုးသားနေ့အတွက် အလှူငွေပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက အင်းလေးဖောင်တောင်ဦး ရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီမှု ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ကြရာ တာဝန်ရှိသူများမှ အသီးသီးလက်ခံရယူကြသည်။
ထို့ပြင် အဋ္ဌမအကြိမ် အင်းသားအမျိုးသားနေ့သို့ ပေးပို့လာသည့် သဝဏ်လွှာများကို မှတ်တမ်းတင်ပြီး အင်းအိုးစည်ကြီးအကဖြင့် ဖျော်ဖြေကာ အခမ်းအနားကိုပိတ်သိမ်းခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက အဆိုပါကွင်း၌ ခင်းကျင်းပြသထားသည့် ဌာနဆိုင်ရာပြခန်းများ၊ အင်းသားရိုးရာနှင့် စားသောက်ကုန်ပစ္စည်းပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment