Monday, November 13, 2023

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် မာန်အောင်မြို့နယ်နှင့် ပြည်မြို့တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

 


နေပြည်တော် နိုဝင်ဘာ ၁၃

ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မာန်အောင်မြို့သို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။

 






အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် မာန်အောင်မြို့၊ မာန်အောင်ခန်းမ၌ အခြေပြု၍ မာန်အောင်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၄၃၉ ဦး၊ ခွဲစိတ်ရောဂါ ၈၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၅၈ ဦး၊ ကလေးရောဂါ ၆၉ ဦး၊ အရိုးရောဂါ ၁၄၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၉၂ ဦး၊ မျက်စိရောဂါ ၂၃၄ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၀၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၆ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၈ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၇၁ ဦး စုစုပေါင်း ၁၂၂၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၄ ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

အလားတူ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ပြည်မြို့ နဝင်းရပ်ကွက် ဖောင်တော်ဦးဆိပ်သို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် ပြည်မြို့ဝိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက်၌ အခြေပြု၍ ပြည်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၂၃ ဦး၊ ခွဲစိတ်ရောဂါ ၄၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၁ ဦး၊ ကလေးရောဂါ ၁၄ ဦး၊ အရိုးရောဂါ ၆၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၄ ဦး၊ မျက်စိရောဂါ ၈၆ ဦးနှင့် သွားရောဂါ ၁၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ဓာတ်မှန်ရိုက်လူနာ ၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၂၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၅ ဦး စုစုပေါင်း ၃၈၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဒေသခံပြည်သူ ၂၆၈ ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ အားဖြည့်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

No comments:

Post a Comment