Friday, October 20, 2023

မိုဘိုင်းငွေပေးချေမှုစနစ်များ အားလုံးအပြန်အလှန်ချိတ်ဆက်ပေးချေနိုင်သည့် Digital Payment Switch (Myanmar Pay) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၁၉

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Digital Payment Switch (Myanmar Pay) ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ လမ်းညွှန်ဆုံးဖြတ် ပေးရမည့်အချက်များနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ နည်းပညာကျွမ်းကျင်သူများနှင့် PayPlus Co., Ltd မှ အကြီးတန်း စီမံခန့်ခွဲသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက အမျိုးသားငွေပေးချေမှုစနစ် မဟာဗျူဟာ (National Pay-ment System Strategy 2020-2025)အရ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုဘိုင်းငွေပေးချေမှုစနစ်များ အားလုံးအပြန်အလှန် ချိတ်ဆက်ပေးချေနိုင်သည့် Digital Pay-ment Switch(Myanmar Pay)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရန်လိုအပ်ကြောင်း၊ အဆိုပါစနစ် အကောင်အထည်ဖော်ပြီးစီးပါက ငွေပေးချေမှုများအား လုံခြုံစိတ်ချလျင်မြန်စွာ ဆောင်ရွက်နိုင်ပြီး ငွေပေးချေမှုစနစ်ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည့်အပြင် ငွေသားကိုင်တွယ်မှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဖြေရှင်းရမည့် အချက်အလက်များကိုတင်ပြရန် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ နည်းပညာကျွမ်းကျင်သူများနှင့် PayPlus Co.Ltd တို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဆွေးနွေးအကြံပြုခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment