Wednesday, October 18, 2023

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကန်(၁၀၀) ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးကုန်ထုတ် သမဝါယမအသင်း ၏ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

 

နေပြည်တော် အောက်တိုဘာ ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်သို့ သွားရောက်၍ ကန် (၁၀၀) ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေး ကုန်ထုတ်သမဝါယမအသင်း ငါးမွေးမြူရေးလုပ်ငန်းများ ဆောင် ရွက်နေမှုကို ကြည့်ရှုစစ် ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ကန်(၁၀၀) ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေး ကုန်ထုတ်သမဝါယမအသင်း အမှု ဆောင်များကအသင်း၏ ရည်မှန်း ချက်များ၊ ရေတင်ဧရိယာ ၃၄၈ ဧက၌ နှစ်စဉ် ငါးသားပေါက်များ ထုတ်လုပ်နိုင်မှု၊ အုပ်ချုပ်ရေးကန်နှင့်ထုတ်လုပ်ရေးကန်များတွင် ငါးမွေးမြူ ထုတ်လုပ်နိုင်မှု၊ အသင်းသားများ အတွက်ကျန်းမာရေး စောင့်ရှောက်နိုင်မှုနှင့် ထောက်ပံ့ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လက်ရှိသမဝါယမအသင်းပိုင် ၃၄၈ ဧက ရှိသည့် ငါးကန်မြေဧရိယာသည် အခြားသောပုဂ္ဂလိကငါးကန်များလည်း အသင်းပိုင်မြေဧရိယာ၏ ပတ်ဝန်းကျင်တွင် တည်ရှိနေပြီး မွေးမြူရေးဇုန်တစ်ခုသဖွယ် ဖြစ်နေသောကြောင့် လျှပ်စစ်မီး အမြန်ရရှိရေး ညှိနှိုင်းဆောင်ရွက် ပေးသွားရန် မှာကြားလိုပါကြောင်း၊ အဓိကငါးမွေးမြူရေး လုပ်ငန်းအပြင် နွေစပါးစိုက်ဧက ၃၂ ဧက စိုက်ပျိုးနိုင်မည့်အတွက် အထွက်တိုးစပါးမျိုး များဖြစ်သည့် GW-11 ၊ GW-18 ၊ ဆာဖိုးသာ၊ နှံကောက်ထွန်း အစရှိသည့် အထွက်တိုး စပါးမျိုးများ ရရှိနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ပန်းတိုင် အထွက်နှုန်း ရရှိအောင်ဆောင်ရွက်စေလိုကြောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် လမ်းညွှန်ကူညီမှု ပေးသော ငါးအစာအတွက် အစ္စရေးမြက်နု တစ်မျိုးဖြစ်သည့် တိကုရန် မြက်မျိုးအား အောင်မြင်အောင်စမ်းသပ် စိုက်ပျိုးရန်မှာကြားလိုကြောင်း၊ အသင်းသားများ၏ သားသမီးများ ပညာရေးအတွက် တက္ကသိုလ် အဆင့်၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်အလိုက် ထောက်ပံ့ပေးနေမှုများကို ပိုမိုထောက်ပံ့ပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန်နှင့် သမဝါယမ စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များ၊ ကောလိပ်များတွင်လည်း မိမိတို့သားသမီးများ ချိတ်ဆက်၍ ပညာဆည်းပူးနိုင်ရေးစီမံဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားပြီး ငါးမွေးမြူ ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးသို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးပြီး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိဦးစီးဌာန လေးခုမှဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

 သတင်းစဉ်

No comments:

Post a Comment