နေပြည်တော် အောက်တိုဘာ ၁၇
ကျေးလက်ဒေသရှိ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူများ လိုအပ်လျက်ရှိသည့် သွင်းအားစုနှင့် ငွေကြေးအရင်းအနှီးများ ထောက်ပံ့ပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်ရေး သုတေသနလုပ်ငန်းများဖြင့် ဈေးကွက်ချိတ်ဆက်ရေး ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊ ကျေးလက်အခြေခံ အဆောက်အအုံများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖွံ့ဖြိုးရေးအပြင် ကျေးလက်နေပြည်သူများ၏ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားအောင် ဆောင်ရွက်ပေးခြင်းစသော ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို အထူးအလေးထား ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဦးလှမိုးက တာဝန်ရှိသူများအား မှာကြားသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ ကော်မတီဝင်များဖြစ်ကြသည့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအစည်းအဝေး (၁/၂၀၂၃) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကော်မတီဝင်ဌာနများ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းများ၊ သွင်းအားစုနှင့် အရင်းမပျောက်ရန်ပုံငွေ ထူထောင်ပေးခြင်း ဆိုင်ရာလုပ်ငန်းများ၊ လူမှုရေးကဏ္ဍဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှုဆိုင်ရာ လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ကော်မတီဝင်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဘတ်ဂျက်လျာထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ဖြည့်စွက်ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနနှင့် ဦးစီးဌာနများအနေဖြင့် မိမိတို့တာဝန်ယူရသည့် လုပ်ငန်းများတွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေး၊ စိတ်ဓာတ်နှင့်အသိဉာဏ်ပညာဖွံ့ဖြိုးစေရေးတို့အတွက် စိတ်စေတနာအပြည့်ဖြင့် ဆောင်ရွက်ကြရန်၊ သဘာဝဘေးများ ကြုံတွေ့လာရပါက အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းမှာကြားသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကော်မတီဝင်ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများမှာ ကျေးလက်မီးလင်းရေးလုပ်ငန်းတွင် တစ်အိမ်သုံးဆိုလာစနစ် ၉၁၉ ရွာ၊ အသေးစားဓာတ်အားပေးစနစ် ၁၃ ရွာ၊ မဟာဓာတ်အား လိုင်းစနစ်ဖြင့် ၄၉၅ ရွာ၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ၉၇ ခု၊ ကျေးလက်ရေရရှိရေးလုပ်ငန်း ပေါင်း ၂၆၉၅ ခု၊ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတား (၂၄၇၂/၂ ဒသမ ၆၁)မိုင်နှင့် ၃၂၈၄ စင်း၊ ကျေးလက် အိမ်ရာ ၃၈ လုံး၊ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်း လုပ်ငန်း ၁၅၅၄ ခု၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း ၉၁ ရွာနှင့် မြစိမ်းရောင် စီမံကိန်း ၂၃၃ ယူနစ်နှင့် မြစိမ်းရောင်ကျေးရွာ (စိုက်ပျိုးရေး၊ အသား၊ ငါးကဏ္ဍ) ၄၁၇ ရွာ၊ ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ၁၇၉၈ ရွာတို့ဖြစ်ပြီး အသက်မွေးဝမ်းကျောင်းနှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ခြင်းသင်တန်း စုစုပေါင်း ၁၃၃၉ ကြိမ် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ လက်ရှိ ကာလအထိ သင်တန်းသား ၈၈၃၈ ဦးကို အလုပ် အကိုင်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် လုပ်ငန်းများကို ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပသော ခရိုင်မှူးများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာစီမံကိန်း MIS စနစ်အသုံးပြုနည်းဆရာ ဖြစ်သင်တန်း(၁/၂၀၂၃)သင်တန်းသို့ တက်ရောက်နေသော သင်တန်းသားများနှင့်တွေ့ဆုံ ပြီး ပြည်သူလူထု၏ အဓိကစီးပွားရေးလုပ်ငန်း ဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အထောက်အပံ့ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ထိရောက်ပျော်ရွှင်သော လုပ်ငန်းခွင်ဖြစ်စေရေး စီမံဆောင်ရွက်သွားကြရန်၊ လုပ်ငန်းများကို စေတနာထားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ဆောင်ရွက်ကြရန် မှာကြားသည်။
သတင်းစဉ်
No comments:
Post a Comment