တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်လျက် ရှိသည်။ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ဖြင့် ဖက်ဒရယ်ဟူသည့် ပေါင်းစည်းနေထိုင်ခြင်း၊ သဟဇာတ ဖြစ်ခြင်း၊ ခွဲဝေခံစားခြင်း၊ အုပ်ချုပ်မှုတာဝန် ခွဲဝေလုပ်ဆောင်ခြင်းတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံနှင့် လိုက်ဖက်ဆီလျော် သင့်မြတ်သည့်စနစ်ဖြစ်သည်။ ပြည်သူအားလုံး၏ ဆန္ဒ၊ နိုင်ငံတော်၏အနာဂတ် ရည်မှန်းချက်လည်းဖြစ်သည်။
နိုင်ငံတော်၏အနာဂတ် ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် တိုင်းရင်း သားပြည်သူအားလုံး၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်နှင့် ကောင်းမွန်သည့် ပစ္စုပ္ပန်ကို စိတ်ရင်းမှန်ကန်စွာဖြင့် တည်ဆောက်အကောင်အထည် ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနောက်ခံ အကြောင်းတရားများကို မှန်ကန်စွာ ရှုမြင်ဆင် ခြင်ပြီး တိုင်းရင်းသားပြည်သူလူထု၏အကျိုး၊ ပြည်ထောင်စုကြီး၏အကျိုးကို ရေရှည်မြော်တွေး၍ မြန်မာနိုင်ငံနှင့် ဆီလျော်ကိုက်ညီမည့် ရည်မှန်းချက်များကို ချမှတ်အကောင်အထည်ဖော်နေသည်။
မြန်မာနိုင်ငံနှင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် အမျိုးသားရေးရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်နေသည်။ နိုင်ငံရေးရည်မှန်းချက်အနေဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ အဆိုပါရည်မှန်းချက် နှစ်ရပ်သည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများအတွက်ထားရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အဂ္ဂမဟာဗျူဟာ (Grand Strategy) ဖြစ်သည်။ လက်ရှိအခြေအနေနှင့်အနာဂတ်အတွက် ရေရှည်ရည်မှန်းချက်ဖြစ်သည်။ စဉ်ဆက်မပြတ်တိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည့် အဂ္ဂမဟာဗျူဟာ ဖြစ်သည်။
အဆိုပါ ရေရှည်ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို နိုင်ငံတော်အား စတင်တာဝန်ယူချိန်မှစ၍ အဆင့်ဆင့်ချမှတ် ဆောင်ရွက်ခဲ့ပြီး ပကတိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိအောင် ပြုပြင်ပြောင်းလဲဆောင်ရွက် လျက်ရှိ သည်။ ရှေ့လုပ်ငန်းစဉ် (၅)ရပ်သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏မဟာဗျူဟာ (Strategy) ဖြစ်သည်။ အဆိုပါ အဂ္ဂမဟာဗျူဟာနှင့် မဟာဗျူဟာများ အောင်မြင်စေရန်၊ ပြီးမြောက်စေရန်အတွက် ဦးတည်ချက် (၉)ရပ်ကို အဆင့်ဆင့်ဖော်ဆောင် လျက်ရှိသည်။ ဦးတည်ချက် (၉)ရပ်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ နည်းဗျူဟာ (Tactic) ဖြစ်သည်။
နိုင်ငံတော်အတွက် အဆိုပါ ရည်မှန်းချက်၊ ဦးတည်ချက်၊ အဂ္ဂမဟာဗျူဟာ၊ မဟာဗျူဟာ၊ နည်းဗျူဟာများကို ချမှတ်ဆောင်ရွက်ရာတွင် နိုင်ငံတော်ကို တာဝန်ယူထားသည့် အစိုးရတစ်ရပ်က ဦးဆောင်ဦးရွက်ပြုလုပ် ရမည်ဖြစ်သကဲ့သို့ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးကလည်း ပါဝင်လက်တွဲကူညီဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့၍ ပညာခေတ်တွင် အခြေခံပညာ အထက်တန်းနှင့် အဆင့်မြင့်ပညာတတ်မြောက်မှု နည်းပါးခဲ့သည်။ နိုင်ငံ၏လူဦးရေအများစု နေထိုင်သည့် ကျေးလက်ဒေသများ၌ ပညာရေးအားနည်းခဲ့သည်။ ပညာရေးအားနည်းမှုကြောင့် တွေးခေါ်မြော် မြင်မှု လိုအပ်ချက်များရှိခဲ့သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက် ရေးတွင် အခက်အခဲများ ရှိခဲ့သည်။
ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ကျင့်သုံးရာတွင် နိုင်ငံသူ နိုင်ငံသားများ၏ ပညာတတ်မြောက်မှုနှင့် တွေးခေါ်မြော်မြင်ဆင်ခြင်နိုင်စွမ်းသည် အထူးအရေးကြီးသည်။ ပညာတတ် မြောက်ခြင်းတစ်ခုတည်းနှင့်လည်း မလုံလောက်၊ တွေးခေါ်ဆင်ခြင်မှန်ကန်စွာ ဆုံးဖြတ်နိုင်မှုလည်း လိုအပ်သည်။ ပညာရေးအားနည်းမှုကြောင့် တွေ့ခဲ့၊ ကြုံခဲ့၊ သိခဲ့သမျှ အပေါ်မူတည်၍ သိသမျှ၊ တတ်သမျှအပေါ်အခြေခံပြီး ပြောဆိုလုပ်ကိုင်ခဲ့ကြသည်။ ဆင်ခြင်နိုင်စွမ်းအားနည်း၍ ပြည်တွင်း၊ ပြည်ပမှ မြှောက်ထိုးပင့်ကော် ပြုလုပ်မှုများ၊ မဟုတ်မမှန်သတင်းများ အပေါ် နားယောင်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိအောင်၊ ပျက်စီးရာပျက်စီးကြောင်းဖြစ်အောင် လုပ်ဆောင်မှု များရှိလာခဲ့သည်။ မိမိတိုင်းပြည်၏ အခြေအနေများကို မှန်မှန်ကန်ကန် မရှုမြင်နိုင်ဘဲ မမှန်မကန်သွတ်သွင်းမှုများကို နားယောင် လက်ခံ စွဲမြဲလာခဲ့ကြသည်။ တိုင်းပြည်နှင့်လူပုဂ္ဂိုလ် ခွဲခြားရှုမြင်နိုင်စွမ်းမရှိသဖြင့် ဆုတ်ယုတ်မှုများကြုံခဲ့သည်။
ထို့ကြောင့် နိုင်ငံတော်၏အနာဂတ်ကို မျှော်မှန်း၍ ပြုပြင်ပြောင်းလဲရန်၊ ခေတ် စနစ်နှင့်အညီ အတွေးအခေါ် အမြော်အမြင်များ တိုးတက်လာအောင် လုပ်ဆောင်ရန် လိုအပ်လာသည်။ ယင်းသည် နိုင်ငံတော်၏အနာဂတ် အတွက် လိုအပ်ချက်ဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်အကောင်အထည်ဖော်လျက်ရှိသည့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များသည် လမ်းညွှန်များဖြစ်သည်။ သို့ဖြစ်ရာ “ရှေ့သို့ချီမည် ပန်းတိုင်ဆီသို့” အရောက်တက်လှမ်း နိုင်ရန်အတွက် အားလုံးတက်ညီလက်ညီ ပါဝင်ကူညီဆောင်ရွက်ကြပါရန် တိုက်တွန်းအပ် ပါကြောင်း။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)
No comments:
Post a Comment