ရန်ကုန် စက်တင်ဘာ ၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအကြား နှစ်နိုင်ငံကူးလူးဆက်ဆံရေး Connectivity တွင် မရှိမဖြစ်လိုအပ်သည့် လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ရုရှားနိုင်ငံသို့တိုက်ရိုက်ပျံသန်းသည့် ရန်ကုန် - မန္တလေး - နိုဗိုဆီဘရစ် - မန္တလေး- ရန်ကုန်ခရီးစဉ်သစ်ကို စက်တင်ဘာ ၅ ရက်တွင် စတင်ပျံသန်း ပြေးဆွဲခဲ့ပြီး စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိခဲ့သည်။
ရုရှားနိုင်ငံသို့ စတင်ပျံသန်းပြေးဆွဲသည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စက်တင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် စတင်ထွက်ခွာခဲ့ပြီး မန္တလေးမြို့မှတစ်ဆင့် ရုရှားနိုင်ငံနိုဗိုဆီဘရစ်မြို့သို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် မန္တလေးမြို့မှရုရှားနိုင်ငံသို့ မထွက်ခွာမီ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ပထမဆုံးခရီးစဉ်တွင် လိုက်ပါလာသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးကြသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ရုရှားနိုင်ငံသို့ တိုက်ရိုက်ပျံသန်းသည့် ရန်ကုန် - မန္တလေး - နိုဗိုဆီဘရစ် - မန္တလေး - ရန်ကုန် ခရီးစဉ်ကို အပတ်စဉ် အင်္ဂါနေ့နှင့် စနေနေ့တို့တွင် တစ်ပတ်နှစ်ကြိမ် ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး ခရီးသွားများအနေဖြင့် ယခုခရီးစဉ်ရောက်ရှိမည့် နိုဗိုဆီဘရစ်မြို့မှ S7 လေကြောင်းလိုင်းကိုအသုံးပြု၍ မြို့တော်မော်စကို အပါအဝင် ရုရှားနိုင်ငံ၏ အခြားမြို့များသို့ ဆက်လက် သွားရောက်နိုင်မည်ဖြစ်ပြီး ရုရှားနိုင်ငံမှ ခရီးသွားများအနေဖြင့်လည်း ယခုခရီးစဉ်ကို အသုံးပြု၍ မြန်မာနိုင်ငံတစ်ဝန်းလုံးသာမက MAI က ပျံသန်းပြေးဆွဲလျက်ရှိသော အခြားအာဆီယံနိုင်ငံများသို့လည်း ချိတ်ဆက်လည်ပတ်သွားလာနိုင် မည်ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) အနေဖြင့် ရုရှားနိုင်ငံသို့ ယခုစတင်ပြေးဆွဲသည့် ခရီးစဉ်အပြင် မကြာမီကာလအတွင်း AirBus A330 ကဲ့သို့သော လေယာဉ်ကြီးများဖြင့် Long Haul Flight များအသုံးပြု၍ ရုရှားနိုင်ငံမော်စကိုမြို့၊ စိန့်ပီတာစဘတ်မြို့များအထိ တိုက်ရိုက်ပျံသန်းပြေးဆွဲသွားရန် စီစဉ်လျက်ရှိသည့်အပြင် တရုတ်နိုင်ငံ ပေကျင်းမြို့ အပါအဝင် အခြားမြို့ကြီး ၁၁ မြို့အထိပါ ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုညီလေး၊ ဓာတ်ပုံ-သော်ကြီး
No comments:
Post a Comment