လွိုင်ကော် စက်တင်ဘာ ၇
ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား ထုတ်ကုန်ပစ္စည်းများပြပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာ ကော်မတီဝင်များ၊ ကယားပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များနှင့်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ MSMEs ထုတ်ကုန်ပြပွဲကို ခင်းကျင်းပြသရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်နယ်အတွင်းတွင် ဆောင်ရွက်နေသည့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးနှင့်ဆက်စပ်သည့် သတင်းအချက်အလက်များ၊ နည်းပညာအထောက်အကူပြု ဝန်ဆောင်မှုများ၊ အရင်းအနှီးပံ့ပိုးမှုများ၊ ပြည်တွင်း/ ပြည်ပဈေးကွက်များ၊ ကောင်းမွန်သည့် စီးပွားရေးဝန်းကျင်များကို ဖော်ဆောင်နိုင်ရန်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSMEs စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်လျက်ရှိပြီး ပြည်နယ်အတွင်း လိုအပ်သည့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်းရှိ ဒေသထွက်ကုန်ပစ္စည်းများကို One Region One Product အဖြစ် ရွေးချယ်၍ အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ MSMEs ထုတ်ကုန်ပြပွဲများမှတစ်ဆင့် ပြည်နယ်အတွင်းရှိ MSMEs လုပ်ငန်းအချင်းချင်းအတွေ့အကြုံ ဖလှယ်နိုင်ပြီး ထုတ်ကုန်များအား ဆန်းသစ်တီထွင်နိုင်မည့် ထုပ်ပိုးမှုနည်းစနစ်များကို ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအသက်သွေးကြောဖြစ်သည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများမှ တစ်ဆင့်ဒေသတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့်အလတ်စား ထုတ်ကုန်ပစ္စည်းများပြပွဲတွင် ခင်းကျင်းပြသထားသည့် ပြခန်းများအနက် ပထမဆုရရှိသည့် သစ်အခြေခံထုတ်ကုန်ပစ္စည်းများ ပြခန်းအား ဆုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုပေးအပ်ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဒုတိယ၊ တတိယနှင့် အထူးဆုရရှိကြသည့် ပြခန်းများအား ဆုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ကြကာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာ ကော်မတီဝင်များနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြခန်းတာဝန်ခံများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့သည်။
ပြည်နယ် (ပြန်/ဆက်)
No comments:
Post a Comment