နေပြည်တော် စက်တင်ဘာ ၆
နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာများ၊ ကော်မတီအဖွဲ့ဝင်များ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကို Clean City၊ Green City၊ Smart City ဖြစ်စေရန်အတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊နေပြည် တော်အတွင်း ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခင်ရှိပြီး ခရီးစဉ်နေရာဒေသများ အပြင် အပန်းဖြေအနားယူနိုင်သော ခရီးစဉ်နေရာအသစ်များကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ခရီးသွားလုပ်ငန်းများ၊ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ်နေသည့် (MSMEs) ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် စွန့်ဦးတီထွင်မှုလုပ်ငန်းများကို အလေးထား ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အတွင်းရေးမှူးတို့က နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး ကော်မတီအဖွဲ့ဝင်များ၊ ခရီးသွားလုပ်ငန်း တတ်သိ ပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း အဖွဲ့အစည်းကိုယ်စားလှယ်များက နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ ကဏ္ဍများအလိုက် လက်ရှိဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဖြည့်စွက် ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ အသိအမှတ်ပြုတံဆိပ်များရရှိကြသည့် Grand Aster Villa Hotel၊ ပြည့်ဖြိုးဝေမိုတယ်နှင့် မြင့်မိုရ်စံ မိုတယ်တို့ကို တံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
နေပြည်တော်တွင် ယခင်က ခရီးသွားများလည်ပတ်ရာ ခရီးစဉ်ဒေသ ၃၄ ခု ရှိရာမှ ခရီးစဉ်ဒေသ အသစ်လေးခု ဖော်ထုတ်နိုင်ခဲ့သည့်အတွက် ယခုအခါ ခရီးစဉ်ဒေသ စုစုပေါင်း ၃၈ နေရာ ဖော်ထုတ်ထားရှိပြီး အဆိုပါခရီးစဉ်နေရာများသို့ ပြည်တွင်း/ပြည်ပ ခရီးသွားများ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment