လူမှုကွန်ရက်ဆိုသည်မှာ လူအချင်းချင်း ဆက်သွယ်အသုံးပြုကြသည့် မျက်နှာစာများဖြစ်သည်။ လူသားများအကျိုးအတွက် နည်းပညာရှင်များက စတင်တီထွင် ဖန်တီးခဲ့ကြသော်လည်း နောက်ပိုင်းတွင် လူတို့၏သဘာဝအရ ကောင်းကျိုးနှင့် ဆိုးကျိုးများ အတူယှဉ်တွဲဖြစ်ပေါ်လာသည်။ လက်ရှိတွင် အဓိကကျသည့် လူမှု ကွန်ရက်တစ်ခုဖြစ်သည့် ဖေ့စ်ဘွတ်အသုံးပြုသူ သန်းတစ်ထောင်ကျော်ရှိသည်။ အင်စတာဂရမ်နှင့်တွစ်တာအသုံးပြုသူ သန်းရာနှင့်ချီရှိသည်။ အခြားလူမှုကွန်ရက် အသုံးပြုသူ သန်းပေါင်းများစွာရှိသည်။
လူမှုကွန်ရက်စတင်တည်ထောင်ချိန်က
လူတို့၏ ကိုယ်ပိုင်ပို့စ်တင်ရန်၊ ဓာတ်ပုံနှင့်အချက်အလက်များ
မျှဝေရန်ရည်ရွယ်ခဲ့သည်။ ယခုအခါ လူအများကြား ကောင်းကျိုး၊ ဆိုးကျိုးများ စည်းရုံးလှုံ့ဆော်ရန်နှင့်
အသုံးချနိုင်ရန် ပြုလုပ်လာကြသည်။ ကမ္ဘာကြီးတွင် ဖြစ်ပေါ်နေသော အကြောင်းအချက်များစွာနှင့်
လုပ်ဆောင်မှုများစွာရှိခဲ့ကြသော်လည်း လူမှုကွန်ရက်ပေါ်ပေါက်လာသည့်အချိန်မှစ၍ ကမ္ဘာတစ်ခွင်
ကျယ်ကျယ်ပြန့်ပြန့် သိရှိလာနိုင်သည်။ ထို့ကြောင့် လူမှုကွန်ရက်ပေါ်မှ အချက်အလက်များနှင့်ပတ်သက်၍
သက်ဆိုင်ရာလူမှုကွန်ရက်လုပ်ငန်းများ သာမက သုံးစွဲသူများကပါ သတိပြုကာကွယ်ကြဖို့လိုမည်ဖြစ်သည်။
လူမှုကွန်ရက်များကို
အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်နိုင်ငံမှ တီထွင်သူများဖန်တီးခဲ့ကြသော်လည်း ၎င်းတို့အကျိုးစီးပွားများကို
ထိခိုက်မှုများရှိလာသဖြင့် ထိန်းချုပ်တားဆီးနိုင်ရန် ကြိုးစားလာကြသည်။ ယခုအခါ ဥရောပသမဂ္ဂသည်
ဒစ်ဂျစ်တယ်ဈေးကွက်တွင် မျှတသည့်ယှဉ်ပြိုင်မှုများ ဖြစ်ပေါ်စေရန်အတွက် နည်းပညာကုမ္ပဏီကြီးခြောက်ခုကို
ဥပဒေအရ စည်းကမ်းတင်းကျပ်သွားမည်ဟု သိရသည်။ ဒစ်ဂျစ်တယ်ဈေးကွက်ဥပဒေဖြင့် လာမည့်နှစ်မှစတင်ပြီး
နည်းပညာကုမ္ပဏီများဖြစ်သည့် အယ်လ်ဖာဘတ်၊ အမေဇုန်၊ အက်ပဲလ်၊ တစ်တော့ခ်၊ မက်တာနှင့် မိုက်ခရိုဆော့ဖ်တို့ကို
စည်းကမ်းတင်းကျပ်သွားမည်ဖြစ်သည်။
အနောက်နိုင်ငံမှ
နည်းပညာလုပ်ငန်းများသည် မူလက အများပြည်သူအကျိုးအတွက် ဦးတည်သည်ဟုဆိုခဲ့သော်လည်း ၎င်းတို့အကျိုးစီးပွားနှင့်
၎င်းတို့နိုင်ငံ များ၏ အကျိုးစီးပွားများကို ရှေးရှုခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ စီးပွားရေး
မျက်နှာစာတွင်သာမက နိုင်ငံရေးမျက်နှာစာတွင်ပါ အခြားနိုင်ငံများ၏ အကျိုးစီးပွားများ
ထိခိုက်လာခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။ စီးပွားရေးကဏ္ဍ၌ ၎င်းတို့မီဒီယာ ပလက်ဖောင်းများတွင်
မျှဝေသည့်အခါ ၎င်းတို့၏ အကျိုးစီးပွားနှင့်စပ်လျဉ်းသည့် ထုတ်ကုန်များကိုသာ ဦးစားပေးခဲ့ကြသဖြင့်
ငွေပေးချေမှုစနစ်ကို အသုံးပြုသည့် အက်ပလီကေးရှင်းဆော့ဖ်ဝဲရေးသားသူများအား ဖိအားပေးတင်းကျပ်မှုများ
ပြုလုပ် သွားမည်ဖြစ်သည်။
ဥပဒေချိုးဖောက်သည့်ကုမ္ပဏီများသည်
ကမ္ဘာအနှံ့ ၎င်းတို့၏နှစ်စဉ်ဝင်ငွေ ၁၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်သည်။
စည်းကမ်းသစ်များအနေဖြင့် ၎င်းနည်းပညာကုမ္ပဏီကြီးများ၏ ဈေးကွက်လွှမ်းမိုးနိုင်မှုကို
အခွင့်ကောင်းယူ၍ သုံးစွဲသူများအပေါ် မမျှတသည့်အခြေအနေဖြစ်ပေါ်မှုကို တားဆီးနိုင်လိမ့်မည်ဟု
အီးယူကမျှော်လင့်ထားသည်။ အနောက်နိုင်ငံကြီးများအနေဖြင့် ၎င်းတို့၏အကျိုးစီးပွားထိခိုက်မှုအပေါ်တွင်
ဤသို့ တုံ့ပြန်မှုများပြုလုပ်ခဲ့သော်လည်း အခြားဖွံ့ဖြိုးဆဲနိုင်ငံများ၊ နိုင်ငံငယ်များ၊
မူဝါဒမတူသော နိုင်ငံကြီးများနှင့်ပတ်သက်၍ လျစ်လျူရှုထားသည်ကို တွေ့ရမည်ဖြစ်သည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးများသည်ပင်
လူမှုကွန်ရက်၏ ဘေးထွက်ဆိုးကျိုးများမှ ရုန်းမထွက်နိုင်သည့်အခြေအနေများကို တွေ့ရမည်ဖြစ်သည်။
လူမှုကွန်ရက်ကို အသုံးချနိုင်မှုကြောင့် စီးပွားရေး၊ လူမှုရေးသာမက နိုင်ငံရေးတွင်ပင်
ထိခိုက် နစ်နာမှုများ ကြုံတွေ့နေရသည်။ လူ့အသိုက်အဝန်းများကြား ထိခိုက်မှုများအပြင်
ပဋိပက္ခဖြစ်မှုများပါ ကြီးထွားလာသဖြင့် အချို့နိုင်ငံများအနေဖြင့် တားဆီးပိတ်ပင် ထိန်းချုပ်မှုများကို
ပြုလုပ်လာကြသည်။ လူမှုကွန်ရက်ပေါ်တွင် သတင်းတု၊ သတင်းမှားများနှင့်
တာဝန်ယူမှုမရှိသော အချက်အလက်များ ကြီးထွားလာသည့်အန္တရာယ် များရှိလာသည်။ ဖေ့စ်ဘွတ်သည်
သတင်းတုများနှင့်သတင်းများပုံဖျက်ရန် ကြိုးပမ်းမှုများကိုဝန်ခံခဲ့ပြီး သတင်းတုတိုက်ဖျက်ရေးအတွက်
အင်အားဖြည့်တင်းကာ တုံ့ပြန်ချေဖျက်ရန် ပြောကြားထားသော်လည်း ဘီလီယံနှင့်ချီသော လူမှုကွန်ရက်သုံးစွဲသူများနှင့်
နိုင်ငံများ၏စိုးရိမ်မှုအပေါ် အာမခံချက်မပေးနိုင်သေးပေ။
မြန်မာနိုင်ငံတွင်လည်း
လူမှုကွန်ရက်အသုံးပြုနှုန်း တစ်ရှိန်ထိုးမြင့်မားနေ ဆဲဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်
တည်ငြိမ်အေးချမ်းရေးကို ကာကွယ်စောင့်ရှောက်ရာတွင် လူမှုကွန်ရက်များကို မကျော်လွှားနိုင်သေးပေ။
လူမှုကွန်ရက်များကို အသုံးချခြင်းကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမျက်နှာစာများတွင်
ထိခိုက်မှုများရှိနေဆဲဖြစ်သည်။ ခြိမ်းခြောက်မှု၊ အနိုင်ကျင့်မှု၊ အမုန်းစကားများ၊ သတင်းမှားများဖြင့်
နယ်ပယ်အသီးသီးတွင် ထိခိုက်နစ်နာမှုများဖြစ်ပေါ်အောင် ဆောင်ရွက်မှုများကို ရင်ဆိုင်နေရဆဲဖြစ်သည်။
သို့ဖြစ်ရာ ဒစ်ဂျစ်တယ်နည်းပညာသည် ကမ္ဘာကြီးကို လျင်လျင်မြန်မြန် ပြောင်းလဲတိုးတက်လာစေနိုင်သည်မှာ
မှန်သော်လည်း လူ့အဖွဲ့အစည်း၊ အသိုက်အဝန်းများကြား ကောင်းကျိုးနှင့်အတူ ဆိုးကျိုးဖြစ်လာနိုင်သည်များကို
နည်းပညာဖြင့် ကာကွယ်တားဆီးရေးသာမက အသုံးပြုသူများကလည်း အသိတရားဖြင့် သတိထားနိုင်ကြရန်
လိုအပ်မည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment