နေပြည်တော် စက်တင်ဘာ ၃
မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)တို့မှ
နှလုံးရောဂါ ဆေးပညာ၊ အထွေထွေရောဂါဆေးပညာ၊ ရင်ခေါင်းဆေးပညာ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆေးပညာ၊
အသည်းဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြော ဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ပညာ၊ ဆီးချိုနှင့်ဟော်မုန်းဆေးပညာ၊
သွေးရောဂါဆေး ပညာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည်
စက်တင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး
မိတ္ထီလာမြို့သို့သွားရောက်၍ ပြည်သူ့ဆေးရုံကြီး မိတ္ထီလာမြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ
ဒေသခံပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။
အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် မိတ္ထီလာမြို့ပေါ်သာမက
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အခြားသောမြို့နယ်များမှ လာရောက်ပြသနိုင်ရန်အတွက် လူနာများကို
ကြိုတင်စုဆောင်းခြင်း၊ စနစ်တကျဆောင်ရွက်ခဲ့ခြင်းကြောင့် မန္တလေးတိုင်း ဒေသကြီးမှ မြို့နယ်ပေါင်း
၁၀ မြို့နယ်နှင့် မကွေးတိုင်းဒေသကြီးမှ မြို့နယ်နှစ်မြို့နယ်ရှိ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ
လာရောက်ပြသခဲ့ကြသည်။
ခရီးစဉ်အတွင်း နှလုံးရောဂါဆိုင်ရာ ၁၂၄ ဦး၊ ရင်ခေါင်းဆေးကုလူနာ
၃၀၊ အစာအိမ်နှင့် အူ လမ်းကြောင်းဆိုင်ရာ ၆၇ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာ
၁၄၃ ဦး၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာ ၁၅ ဦး၊ အသည်းရောဂါဆိုင်ရာ ၃၈
ဦး၊ သွေးရောဂါဆိုင်ရာ ရှစ်ဦး၊ ဆီးချိုနှင့် ဟော်မုန်း ဆိုင်ရာ ၈၀၊ အထွေထွေရောဂါဆေးပညာဆိုင်ရာ
၃၃၀၊ အရိုးရောဂါဆိုင်ရာ ၃၉ ဦး၊ အထွေထွေခွဲစိတ် ကုသမှုဆိုင်ရာ ၂၀၊ သားဖွားမီးယပ်ဆိုင်ရာ
ခုနစ်ဦး၊ အရေပြားရောဂါဆိုင်ရာ ၂၆ ဦး၊ သွား/ခံတွင်းဆိုင်ရာ ၂၉ ဦး၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဆိုင်ရာ
၃၅ ဦး၊ မျက်စိရောဂါဆိုင်ရာ ၉၉ ဦး စုစုပေါင်းဒေသခံ ပြည်သူ ၁၀၉၀ တို့ကို ကြည့်ရှုကုသမှုပေးခဲ့ပြီး
အဆိုပါ လူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) ၂၃
ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း (OGDS) ၁၆ ဦး၊ အဆုတ်အမြှေးပါးအတွင်းမှ
အရည် ဖောက်ထုတ်ကုသမှုပေးခြင်း တစ်ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့်စစ်ဆေးခြင်း(CT scan) ၁၃
ဦး၊ ဓာတ်မှန် ဖြင့် ရောဂါရှာဖွေခြင်း ၁၇၈ ဦး၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်း ၃၃၀၊
Ultrasound ရိုက်ကူးခြင်း ၁၁၃ ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း(ECG) ၉၅ ဦး၊ သွေးချိုဓာတ်(HbA1C)
တိုင်းတာခြင်း ၁၇၈ ဦးတို့ကို စမ်းသပ်စစ်ဆေးကုသပေးနိုင်ခဲ့သည်။ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများသည်
ပြည်သူ့ဆေးရုံကြီး မိတ္ထီလာမြို့တွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသော အတွင်းလူနာများကိုလည်း
ဘာသာရပ်အလိုက် ကြည့်ရှုပေးခဲ့ပြီး လိုအပ်သောကုသမှုနှင့် အကြံပြုချက်များ ဆောင်ရွက်ပေးသည်။
ထို့ပြင် ရင်ခေါင်းရောဂါဆေးကုသမှုဆက်လက် ဆောင်ရွက်ရန် လိုအပ်သောလူနာလေးဦး၊
နှလုံးရောဂါဆိုင်ရာဆေးကုသမှု ဆက်လက်ဆောင်ရွက်ရန် လိုအပ်သောလူနာလေးဦး၊ အစာအိမ်နှင့်အူလမ်းကြောင်ဆိုင်ရာဆေးကုသမှု
ဆက်လက်ဆောင်ရွက်ရန် လိုအပ် သောလူနာ သုံးဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှု ဆက်လက်လိုအပ်သော
လူနာ ၂၅ ဦး၊ အထွေထွေ ရောဂါဆိုင်ရာ ဆက်လက်စစ်ဆေးကုသမှုလိုအပ်သော လူနာခြောက်ဦးတို့ကို
မန္တလေးပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှု လိုအပ်သော
လူနာခြောက်ဦးကို နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) သို့ လည်းကောင်း လွှဲပြောင်းကုသနိုင်ရန်
စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်သည်
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်းနှင့်အတူ
ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံကြီး မိတ္ထီလာမြို့သို့ ရောက်ရှိကာ လာရောက်ပြသကုသမှုခံယူကြသော
လူနာများကို ကြည့်ရှုအားပေးပြီး ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများအား ကျေးဇူးတင်စကားပြောကြား၍
လာရောက် ပြသကြသော လူနာများကို နေ့လယ်စာထမင်းဘူးများ လှူဒါန်းခြင်းနှင့် အထူးကုဆေးကုသရေးအဖွဲ့ကို
ဒေသထွက် အမှတ်တရလက်ဆောင်များ ပေးအပ် ခဲ့ကြသည်။
အထူးကုဆေးကုသရေးအဖွဲ့များသည် ၂၀၂၃ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန
အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သုံးကြိမ်နှင့် ပုသိမ်မြို့၊ တောင်ကြီးမြို့၊
မကွေးမြို့၊ ပြည်မြို့များသို့ သွားရောက်၍ ဆေးကုသမှုများ ဆောင်ရွက်ပြီးဖြစ်ကာ ကျန်တိုင်း
ဒေသကြီး/ပြည်နယ်များသို့လည်း ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment