လူသတ္တဝါတို့ အသက်ရှင်သန်နိုင်ရေးအတွက် သန့်ရှင်းသောလေကို ရှူရှိုက်နေကြရသည်။ သန့်ရှင်းသောလေသည် သက်ရှိများအားလုံးအတွက် တန်ဖိုးမဖြတ်နိုင်သောအရာဖြစ်သည်။ အကယ်၍ လေကိုမရှူရပါက ချက်ချင်းသေဆုံးသွားပြီး မသန့်ရှင်းသောလေကို ရှူရှိုက်ရပါကလည်း ဆိုးရွားသောရောဂါဝေဒနာများကိုခံစားရကာ အသက်သေဆုံးသည်အထိဖြစ်ကြရသည်။ ထို့ကြောင့် သန့်ရှင်းသောလေသည် အသက်တမျှအရေးပါသည်။
လေထုညစ်ညမ်းမှုသည် ကမ္ဘာမြေပတ်ဝန်းကျင်ရှိ လေထုထဲတွင် အန္တရာယ်ဖြစ်နိုင်သည့် ဓာတ်ပစ္စည်းများ၊ အမှုန်အမွှားများနှင့် ဇီဝပစ္စည်းရောနှောပါဝင်နေသည့် လေထုအရည်အသွေးကျဆင်းနေသော အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံတွင် လေထုအရည်အသွေးကို လေ့လာဆန်းစစ်နိုင်ရန်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ပတ်ဝန်းကျင်လေထု၌ ၂ ဒသမ ၅ မှ ၁ မိုက်ခရွန်အရွယ်အစားရှိသော အမှုန်အမွှားများ၊ ဆာလဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ အိုဇုန်းနှင့် ကာဗွန်မိုနောက်ဆိုဒ်စသည်တို့ကို ပုံမှန်တိုင်းတာလျက်ရှိသည်။
လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှု၊ မော်တော်ယာဉ်အသုံးပြုမှု၊ စက်ရုံများမှ အခိုးအငွေ့ထုတ်လွှတ်မှုနှင့် ပတ်ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်နေရာအနီးဝန်းကျင်မှ လူတို့၏ ပြုမူဆောင်ရွက်မှုအခြေအနေများအပေါ်မူတည်၍ ပတ်ဝန်းကျင်လေထုအရည်အသွေး ရလဒ်တိုင်းတာလေ့လာဆန်းစစ်မှုများအရ တိုးတက်မှု/ ဆုတ်ယုတ်မှု အခြေအနေများကို သိရှိရပါသည်။ လစဉ် လေ့လာဆန်းစစ်မှုအခြေအနေများအရ ယခုဩဂုတ်လအတွင်းရှိ လေထုအရည်အသွေးအခြေအနေမှာ ယခင်ကာလများထက် တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရပါသည်။
လေထုအရည်အသွေးကောင်းမွန်လျှင် သက်ရှိလူသားများ ကျန်းမာအသက်ရှည်ရေးကို အထောက်အကူပြုပြီး လေထုအရည်အသွေး မကောင်းမွန်ပါက သက်ရှိလူသားများ အသက်ရှည်ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။ လေထုအရည်အသွေး ကျဆင်းခြင်းသည် လူသားတို့ပယောဂကြောင့်သာမက တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းခြင်း၊ သစ်တောများပျက်သုဉ်းခြင်း စသည့်ဖြစ်စဉ်များကြောင့်လည်း ဖြစ်ပေါ်လာနိုင်ပါသည်။ အထူးသဖြင့် လူတို့၏ပယောဂကြောင့် လေထုညစ်ညမ်းမှုကို အများဆုံးဖြစ်စေနိုင်သဖြင့် လေထုသန့်ရှင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်ဖို့လိုပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အဆိုအရ လူသားအားလုံးနီးပါးသည် မသန့်ရှင်းသောလေကို ရှူရှိုက်နေရပြီး နှစ်စဉ်လူခုနစ်သန်းခန့်မှာ မသန့်ရှင်းသောလေကို ရှူရှိုက်နေရသောကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသော ရောဂါအမျိုးမျိုးဖြင့် သေဆုံးနေရသည်ဟုဆိုသည်။ လေဖြတ်ခြင်း၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါတို့ဖြင့် သေဆုံးသူတို့၏ သုံးပုံတစ်ပုံသည် ညစ်ညမ်းသောလေကို ရှူရှိုက်ရခြင်းအကျိုးဆက်ကြောင့် ဖြစ်သည်ဟုသိရသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် အသက် (၁၈) နှစ်အောက် ကလေးသူငယ်များ၏ ၁၄ ရာခိုင်နှုန်းမှာ ပန်းနာရင်ကျပ်ဝေဒနာခံစားနေရသည်။ နှစ်စဉ် အသက်ငါးနှစ်အောက်ကလေးငယ် ငါးသိန်းကျော်သည် မသန့်ရှင်းသောလေကြောင့် သေဆုံးနေရသည်ဟုဆိုသည်။ လေထုညစ်ညမ်းမှုသည် ဆင်းရဲသောနိုင်ငံများတွင် အများဆုံးဖြစ်ပေါ်လျက်ရှိသည်။
မြို့ပြဒေသများ ဖွံ့ဖြိုးတိုးတက်လာမှု၊ လူဦးရေထူထပ်မှု၊ စီးပွားရေးလုပ်ငန်းများ များပြားလာမှုများနှင့်အတူ လေထုညစ်ညမ်းမှုလည်း အတူဖြစ်ပေါ်လာသည်။ လေထုညစ်ညမ်းမှုသည် တစ်နေ့တခြားမြင့်မားလာသည်။ လျှပ်စစ်ဓာတ်အား လိုအပ်သဖြင့် လူမှုပတ်ဝန်းကျင်တွင် မီးစက်အမျိုးမျိုးအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့အန္တရာယ်ကို လူတို့သတိမမူနိုင်ဘဲ ရပ်တည်နေထိုင်လုပ်ကိုင်မှုများသည် အနီးကပ်အန္တရာယ်အများဆုံး ဖြစ်နေသည်ကို သတိမူသင့်သည်။ မော်တော်ယာဉ်များ၊ မီးစက်များနှင့် တောမီးလောင်ကျွမ်းမှုမှ ထွက်ရှိလာသော အခိုးအငွေ့များသည် အန္တရာယ်အများဆုံးဖြစ်နေသဖြင့် ယင်းတို့ကိုလျှော့ချနိုင်ရေး၊ ကာကွယ်နိုင်ရေးတို့ကို အလျင်အမြန်ဆောင်ရွက်ရန် လိုအပ်လာသည်။ လျှပ်စစ်ယာဉ်များ အစားထိုးအသုံးပြုနိုင်ရေးကို နိုင်ငံများက အကောင်အထည်ဖော်ပြီး လေထုညစ်ညမ်းမှုကို လျှော့ချနိုင်အောင် ကြိုးပမ်းနေသည်။
ကမ္ဘာတစ်ဝန်း၌ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များကို နိုင်ငံများ ဆိုးဆိုးရွားရွား ကြုံတွေ့နေသည်။ လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်သည် တိုက်ရိုက်ဆက်နွှယ်နေသည်။ လေထုညစ်ညမ်းမှုအကျိုးဆက်အဖြစ် ကမ္ဘာ့အပူချိန်မြင့်တက်လာကာ ရာသီဥတု ပြောင်းလဲမှုဖြစ်ပေါ်လာသည်။ ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှု ပုံမှန်ဖြစ်လာရေးကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ရာတွင် လေထုညစ်ညမ်းမှု ပြဿနာအား ဦးစားပေးအလေးထားဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်နေသည်ကို သတိပြုကြရမည်ဖြစ်သည်။ သစ်တောသစ်ပင်များသည် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို စုပ်ယူပေးသဖြင့် သစ်တောသစ်ပင်များ ပျိုးထောင်ခြင်းကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ သဘာဝဘေးကာကွယ်ရေးနှင့် သက်ရှိလူသားများ အသက်ရှည်ကျန်းမာရေးအတွက် လေထုသန့်ရှင်းဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းလက်တွဲ ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။
No comments:
Post a Comment