မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝန်း၌ သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို နိုင်ငံအများကြုံတွေ့နေကြသည်။ လက်ရှိတွင် မိုးသည်းထန်မှု၊ မုန်တိုင်းတိုက်ခတ်မှု၊ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရပြီး မိုးလေဝသခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လအတွင်း အယ်လ်နီညိုဖြစ်စဉ်များ ကြုံတွေ့ရမည်ဟု အသိပေးထားသည်။ အယ်လ်နီညိုဖြစ်စဉ်အရ မိုးခေါင်ခြင်း၊ အပူပြင်းခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် အပူဒဏ်ခံနိုင်ရေး၊ ရေရှားပါးမှုမဖြစ်ပေါ်ရေး ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အရ ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ လျော့ပါးသက်သာစေရန်အတွက် အရေးကြီးသောအချက်မှာ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးနိုင်သည့် သစ်တောသစ်ပင်များ တိုးချဲ့ပျိုးထောင်စိုက်ပျိုးရေးကို အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ “ဥတုရာသီတောကိုမှီ” ဆိုသည့်အတိုင်း သစ်ပင်သစ်တောများသည် သက်ရှိများ ကောင်းစွာရှင်သန်နေထိုင်နိုင်ရန်သာမက ကမ္ဘာကြီးတွင် သက်ရှိလူသားများနှင့် သတ္တဝါအများ သာယာဝပြောစွာနေထိုင်ရပ်တည်နိုင်ရေးတို့ကို များစွာပံ့ပိုး ကူညီအကျိုးပြုသည်။
သစ်တောသစ်ပင်များသည် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းပေးပြီး ဂေဟစနစ်ကိုလည်း အရှည်တည်တံ့စေသည်။ ထို့အပြင် ရာသီဥတုကို မျှတကောင်းမွန်စေပြီး မြေနှင့်ရေကို ထိန်းသိမ်းပေးသဖြင့် ရေကြီးရေလျှံဖြစ်ခြင်း၊ မြေပြိုခြင်းနှင့် မုန်တိုင်းတိုက်ခတ်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များကို လျော့ပါးသက်သာစေရန် ကာကွယ်ပေးသည်။ ထိုမျှမက စားရေရိက္ခာ၊ ဆေးဝါးနှင့် သစ်တောထွက်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးသည်။ သစ်တောများသည် လုပ်ငန်းကဏ္ဍအသီးသီးနှင့် ဆက်စပ်နေပြီး စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမဏ္ဍိုင်သုံးခုကို ဟန်ချက်ညီညီထိန်းညှိပေးပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အကူပြုလျက်ရှိသည်။
သစ်ပင်စိုက်ပျိုးခြင်းသည် အကျိုးကျေးဇူးအမျိုးမျိုးကို ရရှိခံစားနိုင်ပြီး သစ်တောများမှ အထောက်အပံ့ပြုသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများမှာ သက်ရှိလောကအတွက် အလွန်အရေးပါသည်။ “သစ်ပင်စိုက်မှအရိပ်ရ၊ ရိပ်ခိုနားနေအပန်းပြေ၏” ဆိုသကဲ့သို့ ကျေးရွာ၊ မြို့ပြပတ်ဝန်းကျင်များတွင် စိမ်းလန်းစိုပြည်ပြီး အရိပ်အာဝါသရရှိစေရန် သစ်ပင်များရှင်သန်အောင် စိုက်ပျိုးထိန်းသိမ်းရန်လိုအပ်သည်။ သစ်ပင်များကို မြန်မာတစ်နိုင်ငံလုံး အရှိန်အဟုန်ဖြင့် စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပျိုးပင်ပေါင်း ၂၄ ဒသမ ၆၂၉ သန်း စိုက်ပျိုးတည်ထောင်လျက်ရှိသည်။
စိမ်းလန်းစိုပြည်ပြီး အရိပ်အာဝါသရရှိစေရန် မြန်မာနိုင်ငံအတွင်း ဖောက်လုပ်ထားသော အဓိကလမ်းမကြီးများဖြစ်သည့် အာဆီယံလမ်းမကြီးများ၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ရထားလမ်းတစ်လျှောက် စိမ်းလန်းစိုပြည်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများပူးပေါင်းပြီး စိုက်ပျိုးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကျေးလက်ပြည်သူများ အများဆုံးဖြစ်သဖြင့် ကျေးရွာထင်းစိုက်ခင်းများ စိုက်ပျိုးတည်ထောင်ရန်၊ နိုင်ငံတစ်ဝန်းရှိ ကျေးရွာများတွင် ဒေသအလိုက် သင့်တော်သည့် အရိပ်ရပင်များ၊ လေကာပင်များ စဉ်ဆက်မပြတ်စိုက်ပျိုးရန်၊ တောင်ထိပ်၊ တောင်ကုန်း၊ တောင်တန်းများတွင် သစ်တောသစ်ပင်များ ထိန်းသိမ်းစိုက်ပျိုးရန်၊ မြစ်ချောင်းတစ်လျှောက်တွင် သစ်ပင်များစိုက်ပျိုးထိန်းသိမ်းရန်၊ ကမ်းရိုးတန်းများတွင် ဒီရေတောအပင်များ စိုက်ပျိုးတည်ထောင်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည်။
“နေပြည်တော်ကောင်စီနယ်မြေအပါအဝင် နိုင်ငံတစ်ဝန်း မြို့ပြနှင့်ရပ်ရွာ၊ ကျေးလက်ဒေသအသီးသီးတွင် စိမ်းလန်းစိုပြည်သာယာစေရေးအတွက် သစ်ပင်သစ်တောများ၊ စိမ်းလန်းစိုပြည်သည့် သဘာဝမြေယာရှုခင်းများဖြစ်အောင် စဉ်ဆက်မပြတ်တိုးမြှင့်စိုက်ပျိုးတည်ထောင်ရေး အလေးထားဆောင်ရွက်ပေးကြရန်၊ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုလျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးတို့အတွက် အလွန်အရေးပါသည့် သစ်ပင်သစ်တောများ၊ သစ်တောဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းများကို ဘက်စုံကဏ္ဍစုံက ရှုမြင်သုံးသပ်ပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရန်” နိုင်ငံတော်အကြီးအကဲက ၂၀၂၃ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။
သို့ဖြစ်ရာ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု လျှော့ချရေးနှင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် အလွန်အရေးပါသည့် သစ်ပင်သစ်တောများ၊ သစ်တောဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်ဖြင့် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
No comments:
Post a Comment