Wednesday, September 6, 2023

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

နေပြည်တော် စက်တင်ဘာ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်လုပ်ငန်းရှင်များကို ရန်ကုန်မြို့ အင်းယားလိပ်ဟိုတယ်၌ တွေ့ဆုံရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် အရာရှိကြီးများ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အစိုးရက စီးပွားရေးလုပ်ကိုင်နိုင်သောပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များက အကောင်အထည်ဖော် ဆောင်ရွက်ကြရပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ ဖြစ်စေပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ခရီးသွားကဏ္ဍတိုးတက်ရေးကို အလေးထားပါကြောင်း၊ ယခင်တွေ့ဆုံပွဲများတွင် ဆွေးနွေးခဲ့ကြသည့်ရလဒ်များကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ ထပ်မံတွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့် ပြည်ပခရီး သွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေးတို့အတွက် ဗီဇာဖြေလျှော့ရေးဆိုင်ရာကိစ္စရပ်များ၊ ငွေကြေးသုံးစွဲမှုအဆင်ပြေစေရေးနှင့် လွယ်ကူစွာသွားလာလည်ပတ်နိုင်ရေးတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိကအနေနှင့် ဝိုင်းဝန်းပူးပေါင်းပါဝင် ပေးကြစေလိုပါကြောင်း၊ ရုရှား၊ တရုတ်၊ အိန္ဒိယ အဓိကခရီးသွားဈေးကွက်ရရှိရန်ကိုလည်း တစ်ပြေးညီဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း

ထို့ပြင် နယ်စပ်ဒေသ၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်အောင် အကောင်အထည်ဖော် နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားဈေးကွက်မြှင့်တင်ရေးအတွက် နိုင်ငံတကာမှ ဖိတ်ခေါ်ဆောင်ရွက်မည့် ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization –FAM Trip) များနှင့် အစီအမံများကို အကောင်အထည်ဖော်ရာတွင် ဝန်ကြီးဌာနသာမက လုပ်ငန်းလုပ်ကိုင်သူများကလည်း ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း၊ ခရီးသွားလုပ်ငန်းအား ဆန်းသစ်တီထွင်သော ပုံစံများဖြင့် ဖန်တီးလုပ်ကိုင်နိုင်ရေး ကြိုးစားကြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနကပံ့ပိုးရမည့်ကိစ္စများနှင့် ဖြေလျော့ပေးရမည့်ကိစ္စများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးလှိုင်ဦးက တရုတ်နိုင်ငံခရီးစဉ်နှင့်စပ်လျဉ်း၍ အတွေ့အကြုံများနှင့် တရုတ်နှင့်ရုရှားခရီးသွားများ ပိုမိုလာရောက်ရေး လုပ်ငန်းစီမံချက်ကို ရှင်းလင်းတင်ပြပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ၎င်းတို့၏ လုပ်ငန်း ဆောင်ရွက်နေမှု၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍ အလိုက်ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment