Wednesday, September 6, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန်နှင့် ဒေသန္တရရွေးကောက်ပွဲလေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံသို့ထွက်ခွာ

နေပြည်တော် စက်တင်ဘာ ၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ဖိတ်ကြားလာမှုအရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒေသန္တရရွေးကောက်ပွဲသို့လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ အဖွဲ့ဝင် ဦးအောင်စောဝင်းနှင့် ညွှန်ကြားရေးမှူး ဦးဇော်နောင်လတ်တို့သည် ယနေ့ညနေ (၁၆:၂၅) အချိန်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ထွက်ခွာကြရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ် ဦးဌေးအောင်နှင့် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့သွားရောက်၍ ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်း၊ ဒေသန္တရရွေးကောက်ပွဲသို့ သွားရောက်လေ့လာခြင်းအားဖြင့် နှစ်နိုင်ငံအကြား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည်ဖြစ်ပြီး ရုရှားနိုင်ငံ၏ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲကျင်းပပုံ လုပ်ငန်းစဉ်များ၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် မဲရေတွက်ခြင်း လုပ်ငန်းစဉ်များကို လေ့လာသိရှိနိုင်မည်ဖြစ်၍ ခရီးစဉ်သည် (၆-၉-၂၀၂၃) ရက်နေ့မှ (၁၂-၉-၂၀၂၃) ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment