Thursday, September 7, 2023

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၃ ခုနှစ် စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်

 

နေပြည်တော် စက်တင်ဘာ ၇

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ်မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။

ယနေ့တွင် ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ စတုတ္ထအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှအရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

သစ်ပင်သစ်တောများကို စနစ်တကျပြန်လည်စိုက်ပျိုးထိန်းသိမ်းမှသာလျင် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းခြင်းကို ဟန်ချက်ညီဆောင်ရွက်သွားနိုင်မည်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ သစ်ပင်စိုက်ပွဲတွင် အားလုံးပျော်ရွှင်တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်းကို ဦးစွာပြောကြားလိုကြောင်း၊ ယခုအခါ သစ်ပင်သစ်တောများပြုန်းတီးမှုကြောင့် ကမ္ဘာကြီးသည် တဖြည်းဖြည်းပိုမိုပူနွေးလာသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ကမ္ဘာကြီးပူနွေးလာသည့်အတွက် မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းကျရောက်ခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်း စသည့်သဘာဝဘေးများကို မိမိတို့လူသားများအနေဖြင့် ရင်ဆိုင်တွေ့ကြုံခံစားနေကြရသည်ကို တွေ့မြင်ကြမည်ဖြစ်ကြောင်း၊ ထို့အပြင် အခြားသောသက်ရှိများဖြစ်သည့် တောတွင်းတိရစ္ဆာန်များသည်လည်း တစ်ဖြည်းဖြည်းမျိုးသုဉ်းလျော့ပါးလာကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယင်းသည် သက်ရှိများနှင့် သဘာဝတရား၏ ဂေဟစနစ်များ တစ်စတစ်စကွာဟလာသည့် ဆိုးရွားမှုများ၏အကျိုးဆက်များပင် ဖြစ်ကြောင်း။

သစ်တောသစ်ပင်များသည် သဘာဝပတ်ဝန်းကျင်၊ သက်ရှိများ၏ ဂေဟစနစ်နှင့် လူနေမှုစနစ်တို့အပေါ်တွင် များစွာအကျိုးသက်ရောက်မှုရှိကြောင်း၊ သစ်တောသစ်ပင်များကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ခေတ်အဆက်ဆက်အသုံးပြုခဲ့ကြသကဲ့သို့ ပြန်လည်စိုက်ပျိုးကြရန်လည်းလိုအပ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သလောက်သာ ထုတ်ယူသုံးစွဲခြင်း၊ ပြန်လည်စိုက်ပျိုးမှုများကို ပြုလုပ်ခြင်းဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်ထိန်းသိမ်းခြင်းတို့ကို ဟန်ချက်ညီဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ စနစ်တကျထုတ်ယူသုံးစွဲမှုမရှိဘဲ အလွန်အကျွံထုတ်ယူသုံးစွဲခြင်းကြောင့် ရာသီဥတုပြောင်းလဲမှုများကို ကြုံတွေ့ရခြင်းဖြစ်ပြီး ယခင်နေပြည်တော်ဒေသ၏ ရာသီဥတုသည် ၂၀၀၆ ခုနှစ်တွင် ပျမ်းမျှအပူချိန် ၂၆ ဒသမ ၉၇ ဒီဂရီစင်တီဂရိတ်ခန့်သာရှိခဲ့ရာ ယခုအချိန်တွင် ပျမ်းမျှ အပူချိန် ၂၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ တိုးမြင့်လာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးမှုများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။

ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ မြေအောက်ရေခမ်းခြောက်ခြင်း၊ မြစ်များကျဉ်းမြောင်းတိမ်ကောခြင်း၊ ချောင်း၊ မြောင်းများ ခမ်းခြောက်ခြင်းများဖြစ်လာပြီး သက်ရှိအားလုံး အသက်ရှင်ရပ်တည်နိုင်ရေး ရေအခက်အခဲများ ရှိလာသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေး၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးတို့အတွက် စနစ်တကျဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲများ ပြုလုပ်ခြင်းသည် လူသားဆန်ပြီး အင်မတန်မွန်မြတ်သည့် လုပ်ဆောင်ချက်ဖြစ်သောကြောင့် ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ ပထဝီအနေအထားကို ကြည့်မည်ဆိုပါက သက်ရှိလူသား တစ်ယောက်အတွက် ပကတိအားဖြင့် ပြီးပြည့်စုံသည့် လိုတရပဒေသာပင်ပေါက်ရာ ရပ်ဝန်းတစ်ခုဟု ဆိုနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ တည်ရှိနေပုံကိုကြည့်ပါက နိုင်ငံ၏အနောက်ဘက်၊ မြောက်ဘက်နှင့် အရှေ့ဘက်တို့တွင် မြင့်မားသည့် တောင်တန်းကြီးများရှိသကဲ့သို့ ယင်းတောင်တန်းများအပေါ်တွင် သစ်တောသစ်ပင်များများစွာ ပေါက်ရောက်နေရာယူထားကြကြောင်း၊ ထို့အပြင် အနောက်ရိုးမတောင်တန်းကြီးနှင့် အရှေ့ရိုးမတို့ကြားတွင် ချင်းတွင်း၊ ဧရာဝတီ၊ စစ်တောင်းမြစ်တို့နှင့်ယှဉ်ပြီး ပုံတောင် ပုံညာရိုး၊ အလယ်ရိုးမ(မင်းဝံတောင်ရိုး)နှင့် ရှမ်းကုန်းပြင်မြင့်တို့ရှိပြီး ယင်းတောင်ရိုး တောင်တန်းများတွင်လည်း သစ်တောကြီးများဖြင့် ဖုံးအုပ်လျက်ရှိကြောင်း၊ အဆိုပါသစ်တောများကို စနစ်တကျအသုံးပြုနိုင်မှသာ အကျိုးရှိနိုင်မည်ဖြစ်ကြောင်း။

သစ်တော၊ သစ်ပင်ထိန်းသိမ်းရေးနှင့် မိမိတို့ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို အမျိုးသားရေးကိစ္စရပ်အနေဖြင့် ဆောင်ရွက်ကြရန်လို

သစ်တောထူထပ်ပြီး အဖိုးတန်သစ်တောတွေရှိသည့် မိမိတို့နိုင်ငံကို နယ်ချဲ့များက မတရားကျူးကျော်မှုများ ပြုလုပ်ခဲ့ကြပြီး အတိုင်းအဆမရှိ သစ်တောများကို ခုတ်လှဲယူခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင်လည်း နိုင်ငံဝင်ငွေရရှိရေးအတွက် သစ်များထုတ်ယူရောင်းချခဲ့သဖြင့် သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းသည် ၄၂ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာခဲ့သည်ကို တွေ့ရှိရကြောင်း၊ သယံဇာတဟူသည်မှာ သဘာဝအလျောက် ပြန်လည်ပြည့်ဖြိုးနိုင်သည်ရှိသကဲ့သို့ ပြန်လည်ဖြည့်တင်း၍မရသည့် သယံဇာတများလည်းရှိကြောင်း၊ သစ်ပင်သစ်တောဟူသည်မှာ သဘာဝအလျောက် ပြန်လည်ပြည့်ဖြိုးစေနိုင်သည့် စွမ်းပကားများရှိသကဲ့သို့ လူသားများ၏ လုပ်ဆောင်ဖန်တီးမှုများဖြင့်လည်း ပြန်လည်ဖြည့်တင်းပေးနိုင်သည့်အရာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သစ်တောသစ်ပင်များ ပြန်လည်ထူထောင် ဖြည့်တင်းခြင်းများကို မှန်မှန်ကန်ကန်ဆောင်ရွက်မှုမရှိပါက သဘာဝတရား၏ ရိုက်ခတ်မှုဒဏ်ကို ခံကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် သစ်တောများနှင့်နီးကပ်နေသည့် ကျေးလက်ဒေသများတွင် သစ်ပင်သစ်တောများကို ထိန်းသိမ်းကြရေးနှင့် မြို့ပြများတွင် နေထိုင်ကြသူများအနေဖြင့်လည်း မိမိပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုရရှိစေရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် လွှမ်းခြုံဆောင်ရွက်သင့်သည်ကို ပြောကြားလိုကြောင်း။

တပ်မတော်အနေဖြင့် တပ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းများတွင် ရာသီသီးနှံများကို စိုက်ပျိုးသကဲ့သို့ နှစ်ရှည်စားသုံးပင်များနှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပြီး စားရေးအတွက် အထောက်အကူဖြစ်သကဲ့သို့ ရရှိလာသည့် အရိပ်အာဝါသများကြောင့် အကျိုးခံစားရမှုများလည်းရှိကြောင်း၊ သစ်တစ်ပင် ကောင်းလျှင် ငှက်တစ်သောင်းနားနိုင်သည်” ဟူသည့် စကားအတိုင်း ကုသိုလ်လည်း ရရှိမည်ဖြစ်ပြီး မိမိပတ်ဝန်းကျင်အတွက်လည်း အကောင်းဆုံး အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်မည်ကို တွက်ဆဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် ပတ်ဝန်း ကျင်ကောင်းတစ်ခုကို ဖန်တီးနိုင်ရေး၊ မိမိတို့ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို အတတ်နိုင်ဆုံးပါဝင် ကုသိုလ်ယူဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနေဖြင့် ၂၀၁၁ ခုနှစ်မှစပြီး သစ်ပင်စိုက်ပျိုးပွဲတွေကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၃ ခုနှစ် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်ပေါင်း ၁၉၀,၄၇၃ ပင် စိုက်ပျိုးနိုင်ခဲ့ပြီး ရှင်သန်မှုအနေဖြင့် ၁၀၉,၈၈၅ ပင်ရှင်သန်ဖြစ်ထွန်းခဲ့သည်ကို တွေ့ရှိရသည့်အတွက် ၅၅ ရာခိုင်နှုန်းခန့်သာ ရှင်သန်ဖြစ်ထွန်းသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် သစ်ပင်စိုက်ပျိုးပွဲများကို အချိန်နှင့် လူအင်အားအသုံးပြု၍ ဆောင်ရွက်ရသည့်နည်းတူ အကျိုးရှိရှိ အောင်မြင်ဖြစ်ထွန်းမှုရှိစေရေး စိုက်ပျိုးကြသည့်သူများက ရှင်သန်မှုရှိအောင် စိုက်ပျိုးကြရန် လိုသကဲ့သို့ ထိန်းသိမ်းရန် တာဝန်ရှိသူများအနေဖြင့်လည်း ရာနှုန်းပြည့် ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ ယနေ့ပြုလုပ်သည့် စတုတ္ထအကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ မန်ဂျန်ရှားနှင့် ပိတောက်ပင် စုစုပေါင်း ၃,၅၂၈ ပင်ကို ထပ်မံစိုက်ပျိုးသွားမည်ဖြစ်ပြီး အားလုံးရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားကြရန် မှာကြားလိုကြောင်း။ မိမိတို့အနေဖြင့် ယနေ့ကမ္ဘာကြီးပူနွေးလာခြင်းကို ပြန်လည်ကုစားရန်အတွက် လူသားတစ်ယောက်၏ တာဝန်အဖြစ်ခံယူပြီး သစ်ပင်စိုက်ပျိုးကြရန်၊ သစ်ပင်များကို စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း အလေ့အထများသည် လူသားဆန်ပြီး ဖြူစင်မွန်မြတ်သည့် အလုပ်မျိုးဖြစ်သည့်အတွက် အလေးအနက်ထား လုပ်ဆောင်သွားကြရန်၊ စတင်စိုက်ပျိုးပြီးချိန်မှစ၍ အောင်မြင်ဖြစ်ထွန်းသည့်အချိန်အထိ ထိန်းသိမ်းပြုစုခြင်း လုပ်ငန်းစဉ်များကို ရာသီအလိုက်၊ အပင်သက်တမ်းအလိုက် မပျက်မကွက် ဆောင်ရွက်သည့် စနစ်တစ်ရပ်အဖြစ် လုပ်ဆောင်သွားကြရန်၊ သစ်ပင်စိုက်ပျိုးခြင်းသည် ပစ္စုပ္ပန်တွင်သာအကျိုးဖြစ်စေရုံသာမက သံသရာအတွက် အထောက်အပံ့ကောင်း တစ်ရပ်လည်းဖြစ်သည်ကို ခံယူဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြသည်။ ဆက်လက်ပြီး အခမ်းအနား တက်ရောက်လာကြသည့် အရာရှိကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်မိသားစုများက သတ်မှတ်နေရာအသီးသီးတွင် ပျိုးပင်များကို စိုက်ပျိုးကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည် မိသားစုများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် စတုတ္ထအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ ရေဆင်းဆည် ပတ်ဝန်းကျင်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၉၄,၀၀၁ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်

ယနေ့ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ စတုတ္ထအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၁၇၆၄ ပင်၊ မန်ဂျန်ရှား ၈၈၂ ပင်၊ ပိတောက် ၈၈၂ ပင် စုစုပေါင်း ၃,၅၂၈ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် စတုတ္ထအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် ၃၉ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၉၄,၀၀၁ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၁၇၅,၆၇၄ ပင်ကို စုပေါင်း စိုက်ပျိုးပေးနိုင်ခဲ့

အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၇,၃၈၀ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၅,၂၅၅ ပင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၌ ၂၀,၁၃၅ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၉,၅၂၅ ပင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၃,၆၁၈ ပင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ၁၄,၆၁၃ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ၅,၄၄၅ ပင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ၁၃,၅၂၉ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၉,၀၈၃ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ ၁၃,၂၃၀ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၀,၉၆၄ ပင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌ ၉,၁၁၂ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၀,၂၀၇ ပင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၀,၀၅၀ ပင်တို့ကို တိုင်းမှူးများနှင့်တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၁၇၅,၆၇၄ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
























No comments:

Post a Comment