၂၀၂၃ ခုနှစ် မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား (EV)ပြပွဲကို ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ဩဂုတ်လ ၄ ရက် နေ့မှ ၆ ရက်နေ့အထိ ဖွင့်လှစ်ပြသရောင်းချခဲ့ရာ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများအပါအဝင် စိတ်ဝင်စား သူပြည်သူများ လာရောက်ကြည့်ရှု လေ့လာကြပြီး ထုတ်ကုန်ပစ္စည်းအမျိုးမျိုးတို့ကို ဝယ်ယူအား ပေးခဲ့ကြသည်။
ဈေးရောင်းပွဲတော်နှင့် ပြပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်မှ ထုတ်ကုန်ပစ္စည်းများ၊ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME)ထုတ်ကုန်များကို ခင်းကျင်းပြသရောင်းချခဲ့ကြပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ နည်းပညာပြခန်းများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် ညီနောင် အသင်းများမှ အရောင်းပြခန်းများ၊ မြန်မာနိုင်ငံ အမျိုးသမီး စီးပွားရေးစွမ်းဆောင် ရှင်များအသင်းမှ ပြခန်းများ၊ အခြားအသင်းအဖွဲ့များမှ ပြခန်းများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ပြခန်းများကို ခင်းကျင်းပြသခဲ့ကြရာ ပြည်သူများ စိတ်ဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြသည်။
ထို့အပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် လက်လီရောင်းချသူများ အသင်းမှ ဆန်အမျိုးမျိုး ကို လည်းကောင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းမှ စားသုံးဆီများ ကိုလည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို ဈေးနှုန်းသက် သာစွာဖြင့် ရောင်းချပေးခဲ့ရာ လေ့လာသူ၊ ဈေးဝယ်သူများဖြင့် စည်ကားများပြားခဲ့သည်။ ဤသို့ကုန်ထုတ် လုပ်သူလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများ တစ်သားတည်း သဟဇာတဖြစ်စွာ အဆင်ပြေချောမွေ့သည့် ဈေးရောင်းပွဲ၊ ပြပွဲအခင်းအကျင်း မှသည် ပြည်သူများ လူမှုစီးပွားအဆင်ပြေလာသည်အထိ ဆက်လက် ဆောင်ကြဉ်းပေးနိုင် လိမ့်မည်ဟု မျှော်လင့်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အနက် ဒုတိယအချက်ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံ ရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက် သွားမည်”ဟူသည့် အချက်ကို အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံ့စီး ပွားဖွံ့ဖြိုး တိုးတက်စေရန် ပြည်ပမှ သွင်းကုန်များကို အတတ်နိုင်ဆုံးလျှော့ချပြီး ပြည်တွင်းကုန် ထုတ်လုပ်မှု လုပ်ငန်းများ စွမ်းအားပြည့်လည်ပတ် နိုင်စေရန် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွက် သေချာခိုင်မာသည့် စီးပွားရေးလုပ်ငန်းများနှင့် ထုတ်ကုန်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက် လျက်ရှိသည်။
စီးပွားရေးဘက်စုံတိုးတက်မှုများ ရရှိလာစေရန်အတွက် စီးပွားရေးဦးတည် ချက်၊ ရည်မှန်းချက် များချမှတ်ပြီး အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် အတွက် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကျဆင်း ခဲ့သည့် စီးပွားရေး အခြေအနေမှ ရုန်းထွက်လာနိုင်ခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဂျီဒီပီ တိုးတက်မှု ၃ ဒသမ ၄ ရာခိုင်နှုန်း ရရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဂျီဒီပီ ၄ ရာခိုင်နှုန်း ခန့်အထိ တိုးတက်မည်ဟု မျှော်မှန်း ဆောင်ရွက်လျက်ရှိသည်။ မျှော်မှန်းထား သည့်အတိုင်း အောင်မြင်မှု များရရှိစေရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံပြီး ကုန်ထုတ်လုပ်ငန်း တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိ သည်။ ထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ် လုပ်ရေးနှင့် အရည်အသွေးကောင်းမွန်ရေးကို တီထွင်ဆန်း သစ်မှုနှင့် သုတေသနပြုမှုများကို ကဏ္ဍအလိုက် အကောင်အထည်ဖော်လျက်ရှိသည်။
ယခုအခါ နိုင်ငံ့စီးပွားတိုးတက်လာမှုများနှင့်အတူ ပြည်တွင်းထုတ်ကုန်များ အရည်အသွေး ကောင်းမွန် လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ အဓိကမှာပြည်တွင်း စားသုံးသူပြည်သူများ လက်ခံနှစ်သက်စိတ်ဝင်စား လာရေးသည် အရေးကြီးသည်။ သို့မှသာ ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်များကို ပိုမိုဝယ်ယူ အား ပေးလာကြမည်ဖြစ်သည်။ ယခုကျင်းပပြုလုပ်ခဲ့သော မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား(EV) ပြပွဲနှင့်ပတ်သက်၍ ပြည်ပသွင်းကုန် ပစ္စည်းများကို စိတ်ဝင်စားကြသလို ပြည်တွင်း ထုတ်ကုန်များကိုလည်းလက်ခံ နှစ်သက်အားပေးခဲ့ကြခြင်းသည် နိုင်ငံ့စီးပွားတိုးတက်ရေးကို တွန်းအားပေးနိုင်ခဲ့ သည်။
သို့ဖြစ်ရာ နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်၊ စီးပွားရေး မျှော်မှန်းချက် များနှင့်အညီ ပြည်တွင်းထုတ်ကုန်များ မြင့်မားတိုးတက်အောင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်ပြီဖြစ်၍ ရည်မှန်းထားသည့် မျှော်မှန်းချက်များ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပြီး နိုင်ငံ့စီးပွား မြင့်မားတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီး ပွားဘဝ မြင့်မားတိုးတက်လာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)
No comments:
Post a Comment