နေပြည်တော် ဩဂုတ် ၅
မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင်
ကျန်းမာရွှင်လန်းသောလူမှု ပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက်
ကိုယ်စိတ်နှလုံးချမ်းမြေ့ဖွယ်ရာမျက်စိပသာဒဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့်
ပတ်ဝန်းကျင်တစ်ခုရှိရန် အလွန်လိုအပ်အရေးကြီး လှပါသည်။ မိမိတို့
တစ်ဦးချင်းနေထိုင်ကြသည့် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေမှသာလျှင်
သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည်ဖြစ်ပြီး
ကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာသန့်ရှင်းသာယာရေးကိုဒေသခံများ၊
ဒေသတွင်တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်
စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက် ကြရမည်ဖြစ်ပါသည်။
ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏
ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ တပ်မတော်သားများ၊ ဌာနဆိုင်အဖွဲ့အစည်းများ၊
ဒေသခံပြည်သူအားလုံးတို့က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို
ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်းမိမိတို့၏
မြို့၊ ရွာ ဒေသများသန့်ရှင်း သာယာလှပရေးကို အားတက်သရော ဆောင်ရွက်လျက်ရှိသည့်အပြင်
ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း
သာယာလှပရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ အခြေခံပညာကျောင်းများ၌
ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးရှိသည်။ ထို့အပြင် ဝါတွင်းကာလအတွင်း
ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများ
စိတ်အေးချမ်းသာစွာဖြင့် ဘုရားဖူးမြော်နိုင်ရေးနှင့် တရားဘာဝနာများ
အားထုတ်နိုင်ရေးတို့အတွက် ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌လည်း
စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်အတွင်းရှိ
မြို့နယ်(၃) မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ
မြို့နယ်(၄)မြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ
မြို့နယ်(၉)မြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ
မြို့နယ်(၃)မြို့နယ်တို့၌ လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌လည်းကောင်း၊
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၅)မြို့နယ် တို့၌လည်းကောင်း၊
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၅) မြို့နယ်တို့၌လည်းကောင်း၊
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်တို့၌လည်းကောင်း၊
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၅)မြို့နယ်တို့၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ
မြို့နယ် (၁၄) မြို့နယ်တို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၁)
မြို့နယ်တို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၈) မြို့နယ်နှင့်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တို့၌လည်းကောင်း ဘုရား၊ စေတီပုထိုးများ၊
ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ အခြေခံပညာကျောင်းများ၊
တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့်လမ်း၊
တံတားများ၌ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာ ရေးအဖွဲ့များ၊
ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊
ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့်
မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊
အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများတူး
ဖော်ပေးခြင်းစသည့် သန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
ထို့အပြင် မန္တလေးမြို့ပေါ်ရှိတာဝန်သိလူငယ်၊
လူရွယ်များစုစည်း၍ “မြို့ရွာ သန့်ရှင်း ရောဂါကင်း၊ စုပေါင်းအမှိုက်ရှင်း”
စာသားတံဆိပ်ပါတူညီဝတ်စုံများဝတ်ဆင်ပြီး မန္တလေးတိုင်းဒေသကြီး၊
ချမ်းအေးသာစံမြို့နယ်၊ သင်္ဂသာချောင်းတစ်လျှောက်၌ စုပေါင်းအမှိုက်ကောက်ခြင်းနှင့်
ရပ်ကွက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ သက်သာချောင်ချိမှုရှိစေရန် ပြည်သူများထံမှ
အမှိုက်တစ်ပိဿာလျှင် ၁၀၀ ကျပ်ဖြင့်ဝယ်ယူ၍ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းများကို
ဆောင်ရွက်ကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်
ပြည်နယ်များမှဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများက
လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
၎င်းအပြင် တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများ၊
အရာရှိ၊ စစ်သည်၊ မိသားစုဝင် များက သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ
ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းနှင့်
လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။



No comments:
Post a Comment