မကွေး သြဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း (၄/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသူများနှင့် ကလေးသူငယ်အရေးကို ဆောင်ရွက်ကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင်
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အတွင်း
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ သင်တန်းကို
မကွေးမူလတန်းကြိုကျောင်းမှာ(၂)ကြိမ်၊ ပခုက္ကူမူလတန်းကြိုကျောင်းတွင်(၁)ကြိမ်၊
စုစုပေါင်း(၃)ကြိမ် ဖွင့်လှစ်ခဲ့ပြီး ယခုဖွင့်လှစ်မယ့် သင်တန်းဟာ
သင်တန်းလိုအပ်မှုရှိတဲ့ ပွင့်ဖြူမြို့မှာ စတုတ္ထအကြိမ်မြောက်
ဖွင့်လှစ်ပေးခြင်းဖြစ်တာကြောင့် သင်တန်းသူများအတွက် အကျိုးများစွာရရှိမယ့် သင်တန်းလည်းဖြစ်ကြောင်း၊
မကွေးတိုင်းဒေသကြီးအတွင်း ရှေးဦးအရွယ် ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုး
တိုးတက်ရေးနှင့် နည်းစနစ်တကျ ပြုစုပေးနိုင်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနဟာ
ဌာနပိုင်မူလတန်းကြိုကျောင်း(၁၅)ကျောင်း ဖွင့်လှစ်ထားရှိပြီး
လူမှုဝန်ထမ်းဦးစီးဌာနရန်ပုံငွေမှ ကလေး(၁)ဦး တစ်နေ့စားစရိတ်(၅၀၀)ကျပ်နှုန်းနဲ့
ကျွေးမွေးပြုစု ပေးလျက်ရှိပါကြောင်း၊ ဒါ့အပြင် ရပ်ရွာအတွင်းရှိ ကိုယ့်အားကိုယ်ကိုး
မူလတန်းကြိုကျောင်းများ၊ စီးပွားရေးအလို့ငှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက မူလ
တန်းကျောင်းများကို ထုတ်ပြန်ထားတဲ့ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်
ဖွံ့ဖြိုးရေး ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနဲ့ အညီ တည်ထောင်ခွင့်ပြုအမိန့်များ
ထုတ်ပေးခြင်း၊ နည်းပညာပိုင်း ပံ့ပိုးပေးခြင်း၊ ကြီးကြပ် ခြင်းများကို
ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပွင့်ဖြူမြို့နယ်အတွင်း တည်ထောင် ဖွင့်လှစ်ထားတဲ့
ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှ
မူကြိုဆရာမ သင်တန်းမရရှိသေးတဲ့ ဆရာမ များအတွက် သင်တန်းအခကြေးငွေ
တစ်စုံတစ်ရာကောက်ခံခြင်းမရှိဘဲ လူမှုဝန်ထမ်းဦးစီး ဌာနရန်ပုံငွေဖြင့်
အခမဲ့ဖွင့်လှစ်ပေးသွားမှာဖြစ်ပါကြောင်း၊ ဒါကြောင့် သင်တန်းတက်ရောက်မယ့်
သင်တန်းသူမူကြိုဆရာမများ အနေနဲ့လည်း သင်တန်းကာလ ၂၁ ရက်အတွင်း သင်တန်းနည်းပြများမှ
သင်ကြားပေးလိုက်တဲ့ ဘာသာရပ်များကို စိတ်ပါဝင်စားစွာ လေ့လာ ဆည်းပူးရန်လိုအပ်ပြီး
လက်တွေ့နယ်ပယ်မှာလည်း ပြန်လည်အသုံးချဖို့နဲ့ သင်တန်းမှ ရရှိတဲ့
ပြုစုပျိုးထောင်ရေးဆိုင်ရာ နည်းစနစ်များကိုလည်း မိမိတို့ မူကြိုကျောင်းအလိုက်
ပြုစုပျိုးထောင်ပေးရမယ့် ကလေးသူငယ်များကို လက်တွေ့ စနစ်တကျ
ပြုစုပျိုးထောင်ပေးကြဖို့ လိုအပ်ကြောင်း အထူးမှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍
မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍
ရှင်းလင်းပြောကြားကာ၊ သင်တန်းသူတစ်ဦးချင်းစီမှ မိတ်ဆက်စကားများ ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင်
ကလေးဖွံ့ဖြိုးမှု(၅)ရပ် သင်ကြားခြင်းပုံစံနှင့် နည်းစနစ်များ၊ ဘာသာ
စကားဖွံ့ဖြိုးမှု၊ ကျန်းမာရေးနှင့် အာဟာရ၊ ရှေးဦးသူနာပြုစုခြင်း၊
သင်ထောက်ကူပစ္စည်းများ ပြုလုပ်ခြင်း၊ သင်ခန်းစာ အစီအစဉ်များရေးဆွဲခြင်း၊
အသွင်ကူးပြောင်း ကာလအရေးကြီးပုံများ၊ အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သော
ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ခြင်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး မိဘ
အသိပညာပေးခြင်း စသည့် ဘာသာရပ်များကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်းနှင့်
ရပ်ရွာအတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများအတွက် တာဝန်ခံဆရာမလစာ၊ စာသင်ဆရာမလစာ၊
သင်ထောက်ကူပစ္စည်းဖိုး အဖြစ် မူကြိုကျောင်း(၁)ကျောင်းအတွက် ဘဏ္ဍာရေးနှစ်
တစ်နှစ်လျှင် ကျပ်တစ်ဆယ်သိန်း ခြောက်သောင်း(၁၀၆၀၀၀ဝိ/-)ကို လူမှုဝန်ထမ်းဦးစီးဌာန
ရန်ပုံငွေမှ နှစ်စဉ် ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။
မောင်ညီညာ






No comments:
Post a Comment