Saturday, March 11, 2023

မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းက ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များအတွက် စာအုပ်များ လှူဒါန်း

 


ရန်ကုန် မတ် ၁၀

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းက ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်သူများနှင့်လူငယ်များ အလွယ်တကူ စာပေလေ့လာ ဖတ်ရှုနိုင်စေရန်၊ စာပေလေ့လာ ဖတ်ရှုခြင်းဖြင့် အသိပညာ၊ ဗဟုသုတတိုးပွားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားနိုင်ပြီးယဉ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြု မည့် သားကောင်း၊ သမီးကောင်းများ ပေါ်ထွန်းလာစေရန်အတွက် ခရိုင်၊ မြို့နယ်များတွင် ပြည်သူ့ စာကြည့်တိုက် ၄၁၀ ဖွင့်လှစ်၍ စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်းလုပ်ငန်းကို ဌာနစတင်ဖွဲ့စည်းစဉ် ကတည်းက အဓိကအလုပ်တစ်ခုအဖြစ် အ​ကောင်အထည်​ဖော် ​ဆောင်ရွက်လျက် ရှိပါ​​ကြောင်း။

စာဖတ်ရှိန်မြှင့်တင်

ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများကို သမားရိုးကျစနစ်ဖြင့် စာအုပ်စာစောင်များ မှတ်ပုံတင်ခြင်း၊ ကတ်တလောက်ရေးဆွဲခြင်း၊ စာအုပ်များငှားရမ်းခြင်း လုပ်ငန်းများကို ပြောင်းလဲတိုးတက်လာသည့် Digital Library စနစ်သို့ အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ပြီး မြို့နယ်ရုံး ၁၀၂ ရုံးတွင် Digital Library Management System အသုံးပြု၍ စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြည်သူ့စာကြည့် တိုက်လုပ်ငန်းနှင့်အတူ ရွေ့လျား စာကြည့်တိုက် မော်တော်ယာဉ်များဖြင့် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများသို့ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိပါကြောင်း၊ အလားတူတိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက် စာကြည့်တိုက် ဥပဒေများရေးဆွဲပြီး ရပ်ကွက်နှင့် ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းက ရပ်ကွက်နှင့် ကျေးရွာစာကြည့် တိုက်များအတွက် စာအုပ်စာစောင်များနှင့် ပရိဘောဂများထောက်ပံ့ လှူဒါန်းခဲ့ပါကြောင်း။

စာကြည့်တိုက်များ ဆောက်လုပ်ပေး

မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်းအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ငွေကျပ် ၄၆၀၃ သိန်း အကုန်အကျခံ၍ စာကြည့်တိုက် ၃၄၃ တိုက်ကို အဆောက်အအုံသစ် ဆောက်လုပ်ပေးနိုင်ခဲ့ပြီး စာကြည့် တိုက် ၂၂၅ တိုက်အတွက် ပရိဘောဂများ ထောက်ပံ့ပေးခဲ့ ကြောင်း သိရှိရပါ​ကြောင်း၊ လူတိုင်းစာဖတ်ခြင်းဖြင့် မိမိဘဝ၊ မိသားစုဘဝ၊ မိမိပတ်ဝန်းကျင်နှင့် နိုင်ငံကိုပါ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစား ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။

ထို့​နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက မုဒိတာစကားပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း နာယက ဦးကျော်ဆန်းက မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း၏ လုပ်ငန်းဆောင် ရွက်ချက်များကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီက လှူဒါန်း သည့် အလှူငွေကျပ် သိန်း ၅၀ ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးညွန့်ဆွေက လက်ခံရယူသည်။ ထို့နောက် မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ရန်ကုန် တောင်ပိုင်းခရိုင်နှင့် ရန်ကုန် မြောက်ပိုင်းခရိုင်တို့ရှိ ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များအတွက် စာအုပ်များပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ စာကြည့်တိုက်မှူးများက လက်ခံရယူကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ကိုယ်တိုင်ရေးသားပြုစုထုတ်ဝေခဲ့သော ရင်ထဲကအဖေနှင့် ပတ်သက်သည့် စာစုများ စာအုပ် ၂၀၀ နှင့် စိုက်/ မွေး/ ဆည် စာစုများစာအုပ် ၂၀၀ စုစုပေါင်း ၄၀၀ ကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက လက်ခံရယူသည်။

ထို့နောက် သင်္ဃန်းကျွန်းမြို့နယ် စိတ်အဟာရစာကြည့်တိုက် စာကြည့်တိုက်မှူး ဒေါ်အေးအေးစိုးက ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ လှူဒါန်းသည့် စာအုပ်များကို လှည့်လည် ကြည့်ရှုကြသည်။

ယင်းနာက် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပနိုင်ရေးအတွက် အစည်းအဝေးလေးကြိမ်ဆွေးနွေး ခဲ့ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် အတည်ပြုချက်များရယူသွား မည်ဖြစ်ကြောင်း၊ အားလုံးဝိုင်းဝန်း အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ခြင်းထက် မြန်မာ့ ရုပ်ရှင်လောကကြီး စင်မြင့်ပေါ် ပြန်လည်ရောက်ရှိရန် အရေးကြီးပါကြောင်း၊ ရုပ်ရှင်လောကကြီး ပြန်လည်အသက်ဝင် လှုပ်ရှားရန် အချိန်အခါရောက်ပြီ ဖြစ်ပါကြောင်း၊ အကယ်ဒမီဆုပေး ပွဲသည် ရုပ်ရှင်လောကတစ်ခု တည်းအတွက်မဟုတ်ဘဲ ရုပ်ရှင်၊ သဘင်၊ ဂီတလောကသားများ ပြန်လည် သက်ဝင်လှုပ်ရှား လာမည့်ပွဲဖြစ်သည့်အတွက် တက်ရောက်လာသူ အားလုံးကဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး စေလိုပါကြောင် ပြောကြားသည်။

အကြံပြုဆွေးနွေး

ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် နာယကများ၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အနုပညာရှင်များက မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံတွင် ပြသနေသည့် The Teacher ရုပ်ရှင် ဇာတ်ကားပြသနေမှုကို သွားရောက် ကြည့်ရှုအားပေးကြသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်းအ​ဝေးခန်းမ၌ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)အဖွဲ့နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို) အမှုဆောင် အဖွဲ့သစ် ဖွဲ့စည်းနိုင်ရန်နှင့် ဂီတလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် ဆွေးနွေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီးဖြစ်သည့် တစ်နှစ်ခွဲခန့်ကာလအတွင်း ဂီတလောကသားများအတွက် သက်သာ​ချောင်ချိ​ရေး ကိစ္စရပ်များ စီစဉ်ဆောင်ရွက်​ပေးမှုအပြင် အခက်အခဲများမရှိစေရေး ကိစ္စရပ် များ စီစဉ်ဆောင်ရွက်ပေးမှု၊ နိုင်ငံတော်အဆင့် အခမ်းအနားနှင့် ဖျော်ဖြေပွဲများတွင်လည်း တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ယခုအခါဂီတလောက သားများအားလုံး ပါဝင်လာစေလိုပြီး လုပ်ငန်းဆောင်တာများကို ပုံမှန်အခြေအနေ ဖြစ်အောင်ရဲရဲဝံ့ဝံ့ ပူးပေါင်းပါဝင်ဆောင်ရွက် ကြစေလိုပါကြောင်း၊ ဂီတလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်ခြင်းနှင့်အတူ အမှုဆောင်အသစ်များ ပေါ်ပေါက်လာ စေရေးအတွက်လည်း ကြိုတင် ပြင်ဆင်လျာထား ဆောင်ရွက်ရန် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် တာဝန်ရှိသူများက “ဂီတစွမ်းအား ပြည်ထွန်းကား” ဆောင်ပုဒ်နှင့်အညီ ဂီတလောကဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ​ရှေ့လုပ်ငန်းစဉ်များကို အကြံပြုဆွေးနွေး တင်ပြကြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ်ဦးရဲနိုင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment