နေပြည်တော် ဇန်နဝါရီ ၈
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ပဥ္စမနေ့အဖြစ် ဆက်လက်ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ စိန်ရတုလွတ်လပ်ရေး နေ့ဂုဏ်ပြုအခမ်းအနားတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသူများနှင့် ပြည်သူများ တစ်ခဲနက်လာရောက်လေ့လာကြည့်ရှုကြသည်။
ယနေ့သည် ပြပွဲနောက်ဆုံးနေ့ဖြစ်သည့်အတွက်
ခင်းကျင်းပြသထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများ၌ လာရောက်လေ့လာကြည့်ရှုသူပြည်သူများဖြင့်
အထူးစည်ကားနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားရိုးရာ ဒေသထွက်အစားအသောက်များကို
ပြည်သူများ နှစ်ခြိုက်စွာဝယ်ယူသုံးဆောင်ကြသည့်အပြင် ရိုးရာအဝတ်အထည်များ၊ လက်မှုပစ္စည်းများ၊
ဒေသထွက်ရှားပါးတိုင်းရင်းဆေးဝါးများ၊ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်
ရိုးရာယဉ်ကျေးမှုအလိုက်ပြုလုပ်ထားသည့် အထိမ်းအမှတ်ပစ္စည်းများကိုလည်း ပြည်သူများ ကြိတ်ကြိတ်တိုးဝယ်ယူမှုကြောင့်
ပစ္စည်းများ ပြတ်လပ်သည်အထိ ရောင်းချရသည်ကို တွေ့မြင်ရသည်။
ထို့ပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်
မိတ်ဖက် အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ပြည်သူများအခြေခံစားသောက်ကုန်ပစ္စည်းများကို
ဈေးနှုန်းချိုသာစွာ အသုံးပြုနိုင်ရန်အတွက် ပြခန်းများဖွင့်လှစ်၍ စေတနာအပြည့်ဖြင့် ရောင်းချပေးလျက်ရှိရာ
လာရောက်ဝယ်ယူကြသူများ အထူးများပြားလျက်ရှိသည့်အပြင် စက်မှုဝန်ကြီးဌာန၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့်
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥတ္တရခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ရန်ပုံငွေအရောင်းဆိုင်များကလည်း
လူသုံးကုန် ပစ္စည်းများနှင့် စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ
စိတ် ဝင်စားစွာဖြင့် လာရောက်ဝယ်ယူကြသူများဖြင့် လွန်စွာစည်ကားနေသည်ကို တွေ့မြင်ရသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြခန်း၌လည်း
မြန်မာ့ယဉ်ကျေးမှုကိုပေါ်လွင်စေမည့် ရုပ်သေးရုပ်စုံများဖြင့် ကကြိုးကကွက်စုံလင်စွာ
ဖျော်ဖြေတင်ဆက်ကပြမှုကို ပြပွဲလာပြည်သူများ အထူးအားပေးကြည့်ရှုကြသည့်အပြင် တစ်ထိုင်တည်းပုံစံတူပန်းချီရေးဆွဲပေးခြင်း
အစီအစဉ်ကြောင့်လည်း အထူးစည်ကားလှသည်ကို တွေ့ရသည်။
တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ဝန်ကြီးဌာနများအလိုက်
ပြခန်းများတွင်လည်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဝန်ထမ်းများက ပြပွဲလာပြည်သူများအား
နွေးထွေးပျူငှာသည့်အပြုံးများဖြင့်ကြိုဆိုကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်
ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ၊ ဒေသန္တရဗဟုသုတများ၊ ဝန်ကြီးဌာနများ၏ ပြည်သူ့အကျိုးပြုဆောင်ရွက်ချက်များကို
အဖွဲ့လိုက်မျှဝေပေးကြသည်။
ထို့ပြင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင်
ပါဝင် ပြသခဲ့သည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးနှင့် ဝန်ကြီးဌာနများမှ
ဂုဏ်ပြုယာဉ်များတွင်လည်း ပြည်သူများ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို
ချစ်ခင်တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၏ အထိမ်းအမှတ်များ၊
လူနေမှုစရိုက်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ဒေသထွက်ကုန်များနှင့် ဝန်ကြီးဌာနများအလိုက်
ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်များကို သရုပ်ဖော်ပြသပေးထားရာ ကျောင်းသား၊ ကျောင်းသူများ၊
လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ဒေသခံပြည်သူများ စိတ်အားထက်သန်စွာ
လေ့လာကြည့်ရှုကြသည်။
ပြပွဲသို့ လာရောက်လေ့လာကြသူများအနေဖြင့်လည်း
လှပတင့်တယ်ခမ်းနားစွာ ခင်းကျင်းပြသထားသည့် ဂုဏ်ပြုယာဉ်ကြီးများ၊ ရိုးသားဖြူစင်ဖော်ရွေလှသည့်
တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကြသူများဖြင့်လည်း
အထူးစည်ကားလျက်ရှိသည်။
အထူးပျော်ရွှင်စရာအစီအစဉ်အနေဖြင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များက
သက်ဆိုင်ရာရိုးရာယဉ်ကျေးမှုအကအလှများ၊ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ပေါ်လွင်စေသည့်
သီချင်းများ၊ မျိုးချစ်စိတ်နှင့် ဇာတိမာန်ကိုတက်ကြွစေမည့်သီချင်းများ၊ ရိုးရာသိုင်းအကအလှများကို
တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်ကြီးများရှေ့နှင့် ပြခန်းများရှေ့တွင်
ကဖျော်ဖြေကြရာ လာရောက်လေ့လာ ကြည့်ရှုကြသည့် ပြည်သူများကလည်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ
ပျော်ရွှင် စွာသီဆိုကခုန်ပါဝင်ဆင်နွှဲခြင်းကြောင့်လည်း အထူးစည်ကားလှသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်
တိုင်းရင်းသားရိုးရာ ဒေသထွက်အစားအသောက်များ၊ တိုင်းရင်းသားရိုးရာအမှတ်တရပစ္စည်းများ၊
ဒေသထွက်ကုန်ပစ္စည်းများနှင့် ရိုးရာဝတ်စုံများကို ပြည်သူများ စိတ်ကြိုက်ဝယ်ယူစားသုံးနိုင်ရန်အတွက်
ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ပြည်သူများ စိတ်ဝင်တစားဖြင့် စားသောက်သူများ၊
ဝယ်ယူကြသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ဝန်ကြီးဌာနများမှ
ထွက်ကုန်ထုတ်ကုန်ပစ္စည်းများ ပြခန်းပေါင်း ၄၀ ခန်း၊ တိုင်းရင်းသားရိုးရာဒေသထွက် အစားအသောက်ပြခန်းပေါင်း
၁၅ ခန်း၊ စုစုပေါင်း ၅၅ ခန်း ဖွင့်လှစ်၍ နေ့စဉ်ရောင်းချပေးလျက်ရှိရာ တစ်ရက်လျှင်ပျမ်းမျှ
တိုင်းရင်းသားရိုးရာဒေသထွက်အစားအစာ စုစုပေါင်း သိန်း ၅၀၀ ကျော်ခန့်၊ တိုင်းရင်းသားရိုးရာအမှတ်တရပစ္စည်းများ၊
ဒေသထွက် ကုန်ပစ္စည်းများနှင့် ရိုးရာဝတ်စုံများ စုစုပေါင်း သိန်း ၁၀၀ ကျော်ခန့်ပစ္စည်းများ
ပြတ်လပ်သည် အထိရောင်းချရလျက်ရှိကြောင်း သိရှိရသည်။
နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်
ပြည်နယ်များအလိုက် အထိမ်းအမှတ်ပြခန်းများတွင်လည်း တန်ခိုးကြီးဘုရားပုံစံငယ်များ၊ ရိုးရာဓလေ့ထုံးတမ်း
အစဉ်အလာဓာတ်ပုံများ၊ ဝတ်စားဆင်ယင်မှုသရုပ်ဖော်ပုံစံများ၊ ဒေသထွက်လူမှုအသုံး အဆောင်ပစ္စည်းများနှင့်
စားသောက်ကုန်များ၊ လက်မှုနှင့်စက်မှုပညာပစ္စည်းများ၊ အပန်း ဖြေလည်ပတ်အနားယူနိုင်သည့်
အထင်ကရနေရာများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ထင်ရှားကျော်ကြားသူများ၏ ဓာတ်ပုံများ၊
မြတ်နိုးတန်ဖိုးထားထိန်းသိမ်းထားသည့် ယဉ်ကျေးမှုအမွေအနှစ်များနှင့် အဆောက်အအုံပုံစံငယ်များကို
ခင်းကျင်းပြသထားပြီး နိုင်ငံတော်အစိုးရ၏လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူများပိုမိုသိရှိနိုင်စေရန်အတွက်လည်း
ဝန်ကြီးဌာနများအလိုက် ပြည်သူ့အကျိုးပြုပြခန်းများကိုပြသထားရာ ကျောင်းသား၊ ကျောင်းသူများ၊
လူငယ်များနှင့် ပြည်သူများ အထူးစိတ်ဝင်စားစွာဖြင့် လေ့လာကြည့်ရှုကြသည်။
ထို့ပြင် ကျောင်းသား၊ ကျောင်းသူများနှင့်
လူငယ်များ စိတ်ဝင်တစားဖြစ်စေရန်အတွက်လည်း ပြခန်းများတွင် ရင်ခုန်စိတ်လှုပ်ရှားစရာ ကံစမ်းမဲအစီအစဉ်များ၊
ပဟေဠိ ဖြေကြားသည့်အစီအစဉ်များ၊ ကိုယ်တိုင်ပါဝင်ဆင်နွှဲရသည့် ဂိမ်းကစားခြင်းအစီအစဉ်များနှင့်
လက်ပန်းချီရေးဆွဲပေးခြင်း အစီအစဉ်ကောင်းများကိုလည်း ထည့်သွင်းထားသည်ကို တွေ့မြင်ရသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ
စိတ်ဝင်စားဖွယ်အစီ အစဉ်တစ်ခုအဖြစ် ပြည်သူများ တီဗီဖန်သားပြင်မှသာတွေ့မြင်နိုင်သည့်
သတင်းစတူရီယို အတွင်း သတင်းကြေညာသည့်ပုံစံများကို ပြပွဲသို့လာရောက်လေ့လာကြသူများ ကိုယ်
တိုင်ဝင်ရောက်သတင်းကြေညာဟန် သရုပ်ဆောင်နိုင်ပြီး အမှတ်တရဓာတ်ပုံများရိုက်ကူးနိုင်ရန်
စီစဉ်ဆောင်ရွက်ပေးထားသည့်အတွက် လူကြိုက်များသည့်ပြခန်းတစ်ခုလည်း ဖြစ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနအနေဖြင့်လည်း
“လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြခန်းများ၊
Community Centre လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ ရွေ့လျားစာကြည့်တိုက်လုပ်ငန်းများနှင့်
ပြည်သူ့ အသိပညာပေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများကို ပြည်သူများဗဟုသုတရရှိစေရန်
ပြသထားသည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေဖြင့်လည်း
ပြည်တွင်းနှင့် နိုင်ငံတကာရှိ သတင်းထူး၊ သတင်းဦးများကို ဖော်ပြပေးနေသည့် နေ့စဉ်ထုတ်သတင်းစာများဖြစ်သော
မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာများကို
www.mdn.gov.mm website နှင့် Mobile Application မှ အချိန်မရွေးအခမဲ့ဖတ်ရှုနိုင်ကြောင်းကို
ပြခန်းဖွင့်လှစ်၍ ပြပွဲလာသူများသိရှိနိုင်စေရန် အသိပညာပေးဆောင်ရွက်ပေးခဲ့သည့်အပြင်
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအနေဖြင့် ပြပွဲသို့လာရောက်ကြသည့်ပြည်သူများကို စာပေဗဟုသုတအသိအမြင်များ
တိုးပွားလာစေရန်ရည်ရွယ်၍ သုတ၊ ရသ ဆိုင်ရာစာအုပ်များကို စာပေဗိမာန်ရွေ့လျားအရောင်းဆိုင်
ဖွင့်လှစ်ရောင်းချပေးနေသည်ကိုလည်း တွေ့ရသည်။
ဖျော်ဖြေရေးအစီအစဉ်များအဖြစ် ညပိုင်းတွင်
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များက တိုင်းကျိုးပြည်ပြုတေးသီချင်းများနှင့်
ခေတ်ပေါ်တေးသီချင်းများ ဖြင့်လည်းကောင်း၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက မျိုးချစ်စိတ်နှင့်ဇာတိမာန်
တက်ကြွစေမည့် တေးသီချင်းများဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်
ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယိမ်းအဖွဲ့များက ရိုးရာတေးသီချင်း များကို အကအလှများပေါင်းစပ်၍လည်းကောင်း
မြူးကြွပျော်ရွှင်စွာဖြင့်ဖျော်ဖြေကြရာ ပြည်သူများ တစ်ခဲနက်ပါဝင်ဆင်နွှဲကြသည်။
အဆိုပါ ဂုဏ်ပြုယာဉ်များ၊ အထိမ်းအမှတ်ပြခန်းများနှင့်
တိုင်းရင်းသားရိုးရာအစားအစာ အရောင်းပြခန်းများသို့ လာရောက်ကြည့်ရှုသည့် အများပြည်သူများ
အန္တရာယ်တစ် စုံတစ်ရာမဖြစ်ပေါ်စေရန် တပ်မတော်နှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း
လုံခြုံရေး အပြည့်အဝပေးထားသည့်အပြင် ကျန်းမာရေးတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ကျန်းမာရေး
စောင့်ရှောက်မှုများပေးနိုင်ရန်အတွက် နေပြည်တော်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဆေးအဖွဲ့မှ
ဆေးခန်းဖွင့်လှစ်ထားရှိသည်ကို တွေ့ရသည်။
ထို့ပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက
လာရောက်လေ့လာကြည့်ရှုကြသည့် ကျောင်းသား၊ ကျောင်းသူ၊
ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရန်အတွက် ပွဲတော် သို့လာသည့်လမ်းများ၌
ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း တွေ့ရသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားစာပြခန်းများနှင့်
ဂုဏ်ပြုယာဉ်များကို လှည့်လည်ကြည့်ရှုအားပေးသည်။
အဆိုပါပွဲတော်၌ ဝန်ကြီးဌာနပြခန်း (၂၅)ခန်း၊
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်း(၁၅)ခန်း၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်း
(၁၅)ခန်း၊ စုစုပေါင်းပြခန်း (၅၅)ခန်းနှင့် ဝန်ကြီးဌာနများအလိုက် ကိုယ်စားပြုဂုဏ်ပြုယာဉ်
(၂၆)စီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုဂုဏ်ပြုယာဉ် (၁၅)စီး၊
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုယာဉ်(၁)စီး၊ ပြည်ထောင်စုနောက်ပိတ် ဂုဏ်ပြုယာဉ်(၁)စီးနှင့်
တပ်မတော်ကိုယ်စားပြုဂုဏ်ပြုယာဉ် (၅)စီး စုစုပေါင်း ဂုဏ်ပြုယာဉ် (၄၈)စီးတို့ကို ဇန်နဝါရီ
၄ ရက်မှစတင်၍ ဇန်နဝါရီ ၈ ရက်အထိ ၅ ရက်တိုင်တိုင် ခင်းကျင်းပြသပေးခဲ့ရာ ပြည်သူများ စိတ်ဝင်တစားတစ်ခဲနက်
လေ့လာကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်း - အောင်ရဲသွင်၊ အေးအေးသန့်
ဓာတ်ပုံ- ကိုကိုထိန်
No comments:
Post a Comment