နေပြည်တော် ဇန်နဝါရီ ၃
နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်၊ စာပေသင်ကြားခြင်း မပြုလုပ်နိုင်ရန်နှင့် ၎င်းတို့အား ထောက်ခံ အားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍ မြင့်မားရေးကို နှောင့်ယှက် ဖျက်ဆီးလျက်ရှိသည်။
ထိုသို့ နှောင့်ယှက်ဖျက်ဆီးလျက်ရှိရာ ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ KG မှ Grade-5 အထိ ကျောင်းသား/သူ ၁၀၀ ဦးခန့်အား ဆရာ၊ ဆရာမ ၁၀ ဦးတို့က ကြီးကြပ်ပညာသင်ကြားပေးမှုများ ဆောင်ရွက်နေစဉ် PDF အမည်ခံ အကြမ်းဖက် သမားများသည် ဆရာ၊ ဆရာမများအား နှောင့်ယှက်ခြိမ်းခြောက်မှုများပြုလုပ်၍ မောင်းထုတ်ကာ ကျောင်းဝင်း အတွင်း၌ အကြမ်းဖက် အဖွဲ့များ နေထိုင်ကြခြင်း၊ အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်ခြင်းများ၊ ကျောင်းဝင်း အတွင်း လက်နက်/ခဲယမ်းများ ထုတ်လုပ်ခြင်း၊ သိုဝှက်သိမ်းဆည်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။
သို့ဖြစ်၍ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ယုတ်မာရိုင်းစိုင်းမှုကို ရွံရှာမုန်းတီးလျက်ရှိပြီး ကျောင်းဖွင့်လှစ် ပေးရန်လိုလားသော ကျောင်းသားမိဘများ၊ အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ လျှို့ဝှက်စွာ သတင်းပေးပို့ချက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း (မြကန်)သို့ သွားရောက်ရှင်းလင်းရှာဖွေခဲ့ရာ ကျောင်းဝင်းအတွင်းမှ လက်လုပ်သေနတ် (အရှည်) ၇ လက်၊ လက်လုပ်ပစ္စတို ၁ လက်၊ လက်လုပ် RPG ၃ လက်၊ ၁၂ ဗို့ကျည် ၁၄၃ တောင့်၊ လက်လုပ်ရှေ့ထွက်မိုင်း ၆ လုံး၊ လက်လုပ် လက်ပစ်ဗုံး ၁ လုံး၊ ယမ်းမဲ ၂ ပိဿာ၊ ဆားကစ်ပြား ၂ ခု၊ ဆိုင်ကယ်ဘတ္ထရီအိုး ၁၃ လုံး၊ ဝါယာကြိုး ၃၀ ပေ၊ နိုင်လွန်ကြိုး ၃၀၀ ပေ၊ ကြေးနန်းကြိုး ၃၀ ပေ၊ ဆေးထိုးပိုက် ၆ ချောင်း၊ ပြောက်ကျားဦးထုပ် ၈ လုံး၊ ပြောက်ကျား အင်္ကျီ ၁ ထည်၊ ကျည်ကာအင်္ကျီ ၃ ထည်၊ ချိန်းဆော ၁ ခု၊ အင်ဗာတာ ၂ လုံး၊ လမ်းလျှောက်စကားပြောစက် ၈ လုံး၊ အားသွင်းခုံ ၂ ခု၊ ဖောက်ခွဲဖျက်ဆီးရေးတွင် အသုံးပြုမည့် ဆိုင်ကယ်ဘောစေ့ ၅၀ လုံးတို့အား သိမ်းဆည်း ရမိခဲ့သည်။
သို့ဖြစ်ပါ၍ တာဝန်ရှိသူများက ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကျောင်းမဖွင့်လှစ်နိုင်ရန် ခြိမ်းခြောက်အကြပ်ကိုင်သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဉပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့ပတ်သက်သော သတင်းများအား လျှို့ဝှက်စွာ ပေးပို့တိုင်ကြားနိုင်ပါကြောင်း သတင်းရရှိသည်။
No comments:
Post a Comment