ဒေါက်တာမောင်သင်း
ပညာရေးမှာ ‘မူဟန်မယွင်း ဖွံ့ဖြိုးတိုးတက်ခြင်း ကို ဖော်ဆောင်တဲ့ပညာရေး’ (Decade of Educat- ion for sustainable development၊ DESD) ရဲ့ ဆယ်စုနှစ်လို့ သတ်မှတ်ခဲ့တာရှိခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိပါ။ အဲဒီနောက်မှာလည်း ‘မူဟန်မယွင်း ဖွံ့ဖြိုးတိုးတက်ခြင်း’ (sustainable development) နဲ့ ဆိုင်ရာပညာရေးကို ယနေ့ထိတိုင် ဆက်လက်အကောင်အထည်ဖော်ခဲ့ကြပါတယ်။
မပျက်မယွင်းအောင်ထိန်းသိမ်း
မူဟန်မယွင်း ဖွံ့ဖြိုးတိုးတက်ခြင်းမှာ ရုပ်ဝတ္ထုတွေနဲ့ပတ်သက်ပြီး “ယနေ့လူသားတွေ လိုအပ် သလောက်သာ သဘာဝသယံဇာတတွေကိုသုံးပါ။ ဒါပေမဲ့ အဲဒီလိုသုံးစွဲမှုဟာ နောက်မျိုးဆက်တွေ သုံးဖို့ လက်ရှိအခြေအနေအတိုင်း ချန်ခဲ့တာမျိုးဖြစ်အောင် သုံးပါ” လို့ ဆိုလိုတာပါ။ သုံးလည်းသုံး၊ မကုန်စေနဲ့ သဘောပါ။ မူဟန်မယွင်း ဖွံ့ဖြိုးတိုးတက်ခြင်းဆိုတာဟာ ယခုလက်ရှိအခြေအနေတွေ အားလုံးကို ဖျက်ဆီးပစ်ပြီးမှ အသစ်တည်ဆောက်ခြင်း မဟုတ်ပါ။ ဆိုလိုတာက လူမျိုးတစ်မျိုးရဲ့ ရှေးပဝေသဏီကတည်းက တည်ရှိလာတဲ့ ယဉ်ကျေးမှု၊ စာပေ၊ အနုပညာ၊ ရိုးရာဓလေ့စတဲ့ လူမျိုးရဲ့ ‘အမျိုးသားစံ’ တွေ ဖျက်ဆီးပစ်ပယ်ပြီးမှ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ဖို့ မဟုတ်ပါ။ မိမိရှိပြီးသား ‘အမျိုးသားစံ’တွေကို မပျက်မယွင်းအောင် ထိန်းသိမ်းရင်း ပိုမိုဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းပါ။
နိုင်ငံတစ်နိုင်ငံရဲ့ လွတ်လပ်တဲ့ အချုပ်အခြာအာဏာ စည်းလုံးညီညွတ်မှုနဲ့ တရားမျှတမှု အပါအဝင် ဘိုးဘွားစဉ်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့၊ တန်ဖိုးမဖြတ်နိုင်တဲ့ ဝိသေသဂုဏ်ပုဒ်တွေကိုလည်း မပျက်မယွင်းစေဘဲ နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းပေးနိုင်ရပါမယ်။ ဒါ့အပြင် သစ်တော၊ သယံဇာတစတဲ့ ရုပ်ဝတ္ထုတွေ ထုတ်ယူသုံးစွဲရာမှာလည်း နောင်နှစ်ပေါင်း မည်မျှပင်ကြာပါစေ သစ်တောပမာဏ မူလအတိုင်း မပျက်မယွင်းရှိနေအောင် သုံးစွဲတတ်ဖို့ဖြစ်ပါတယ်။ ဒီအမြင်၊ အသိ နဲ့အကျင့်မျိုးရအောင်လေ့ကျင့်ပေးနိုင်တဲ့ ပညာရေးကို “မူဟန်မယွင်း ဖွံ့ဖြိုးတိုးတက်ခြင်း” ကို ဖော် ဆောင်တဲ့ ပညာရေးလို့ ဆိုပါတယ်။
လွတ်လပ်တဲ့ မြန်မာနိုင်ငံနဲ့အတူ မွေးဖွားလာတဲ့ ကျွန်တော်တို့ နိုင်ငံတော်သီချင်းမှာ ‘တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ၊ ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ’ ဆိုတဲ့ အားလုံး ဝိုင်းဆိုရတဲ့ အပိုဒ်ကလေးဟာ မူဟန်မယွင်းဖွံ့ဖြိုး တိုးတက်ခြင်းကို ဖော်ဆောင်တဲ့ပညာရေးကို မီးမောင်းထိုးပြခဲ့ခြင်းပါ။ ဘယ်ခေတ်ဘယ်အခါမဆို ရှင်သန်နေရမယ့် ‘ပညာရေးရဲ့အနှစ်သာရ” ပါ။ နိုင်ငံတော်သီချင်းပါစာသားတွေဟာ ဆိုကောင်းဖို့ သက်သက်မဟုတ်ပါ၊ ကျွန်တော်တို့နိုင်ငံသားတိုင်း လိုက်နာကျင့်ကြံ အကောင်အထည်ဖော်ရမယ့် အချက်ပါ။ ကိုယ်တိုင်ကျင့်ကြံရုံနဲ့လည်း မပြီးသေးပါ၊ နောက်မျိုးဆက်တွေ အဲဒီခံယူချက်နဲ့အကျင့်ကို မဖြစ်မနေ လက်ဆင့်ကမ်းပေးဖို့လည်း ပါဝင်ပါတယ်။ ဒါမှသာ ဘိုးဘွားတို့ရဲ့ အသက်၊ သွေး၊ ချွေးတို့နဲ့ ရင်းနှီးရယူခဲ့တဲ့ လွတ်လပ်ရေးကို ဘိုးဘွားအမွေကို အသက်စွန့်ထိန်းရမယ့် မျိုးဆက်တွေဆက်ပြီး တည်ရှိနေမယ်။ နိုင်ငံဟာလည်း လွတ်လပ်တဲ့ အချုပ်အခြာအာဏာ၊ တည်တံ့တဲ့ နိုင်ငံအဖြစ် ထာဝရတည်ရှိနေပေလိမ့်မယ်။
ကမ္ဘာ့ပညာရေး ပညာရှင်တွေ လက်ခံထားတဲ့ ပညာရေးရဲ့ရည်ရွယ်ချက် နှစ်ချက်ရှိပါတယ်။ ပညာရေးရဲ့ပထမရည်ရွယ်ချက်က “လူမျိုးတိုင်းဟာ မိမိရဲ့ဘိုးဘွားအမွေအနှစ်ကို မြတ်နိုးတတ်၊ ချစ်တတ်ပြီး ကာကွယ်စောင့်ရှောက်တတ်ရန်” လေ့ကျင့်ပေးဖို့ဖြစ်ပါတယ်။ နောက်ရည်ရွယ်ချက် ကတော့ “နောက်မျိုးဆက်သစ်တွေအတွက် ကောင်းမွန်သောအမွေအနှစ်များကို လက်ဆင့်ကမ်း ထားရစ်ခဲ့ရန်ဆိုတဲ့ စိတ်ထားပိုင်ဆိုင်သူတွေ မွေးထုတ်ပေးဖို့”တို့ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်တွေ ကျောင်းတက်၊ ကျောင်းဆင်း၊ အစည်းအဝေး၊ နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာ အခမ်းအနား တိုင်း၊ ရုပ်ရှင်ပြတိုင်း ဝိုင်းဆိုခဲ့ကြတဲ့ နိုင်ငံတော်ရဲ့ အထွတ်အမြတ်သီချင်းစာသားလေးနဲ့ နိုင်ငံတော်အလံကို အလေးပြုခြင်းဟာ ဘိုးဘွားအမွေစစ်ဖြစ်တဲ့ လွတ်လပ်တဲ့အချုပ်အခြာ အာဏာပိုင်နိုင်ငံရဲ့ အနှစ်သာရတွေကို လေးစားခြင်းဖြစ်လို့ ယနေ့ကမ္ဘာ့ပညာရေးရဲ့ အနှစ်သာရပါ။ မြန်မာတွေ နှစ်ပေါင်း (၇၅)နှစ် ခေတ်ရှေ့ပြေးခဲ့တဲ့ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပညာရေးအမြင်ပါ။
ကုလသမဂ္ဂရဲ့ မူဟန်မယွင်းဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာ ပညာရေးမှာ ဆောင်ရွက်ရမယ့် နယ်ပယ်သုံးခု ပါဝင်ပါတယ်။ ပထမတစ်ခုကတော့ ‘လူမှုရေးနယ်ပယ်’ (Social environment) ပါ။ အထက်မှာ ပြောခဲ့တဲ့ မိမိလူမျိုး၊ နိုင်ငံနဲ့ကမ္ဘာ့လူသားတွေရဲ့ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းလာခဲ့တဲ့ လွတ်လပ်မှု၊ အချုပ်အခြာအာဏာတည်မြဲမှု၊ စည်းလုံးမှု (ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု)၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နဲ့ အမျိုးသားရေးစိတ်ဓာတ်များ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ အနုပညာနဲ့ရိုးရာဓလေ့တွေ မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းနဲ့ နောက်မျိုးဆက်သစ်တွေကို မိမိတို့ လူမျိုးတွေရဲ့ အမျိုးသားစံနှုန်းတွေကို ချစ်တတ်၊ မြတ်နိုးတတ်ပြီး လက်ဆင့်ကမ်းတတ်အောင် လေ့ကျင့်ပေးခြင်းပါ။
ဒုတိယတစ်ခုကတော့ သဘာဝပတ်ဝန်းကျင် (Natural environment) ပါ။ ကျွန်တော်တို့ လူသား တွေ မှီခိုအသက်ရှင်နေတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝအရင်းအမြစ်တွေကို လိုသလောက်သာ သုံးစွဲပြီး ပြန်ဖြည့်နိုင်တဲ့အရာ (renewable resource) တွေကို ပြန်ဖြည့်ပေးရမယ်ဆိုတဲ့အသိနဲ့ ကျင့်ဝတ်ရှိပြီး ပြန်လည်ဖြည့်တင်းတတ်အောင် လေ့ကျင့်ပေး၊ သင်ပေးဖို့ပါ။ တတိယနယ်ပယ် ကတော့ နိုင်ငံသားတိုင်းရင်းသားတွေရဲ့ “စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှု” economy ဟာ မြန်မာ့ လူမှုပတ်ဝန်းကျင်ရဲ့ စံတွေဖြစ်တဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ အမျိုးသားရေးစိတ်ဓာတ်အပြည့်နဲ့ ထိန်းသိမ်းခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးခိုင်မြဲရေး၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ စာပေဂီတ၊ ရိုးရာဓလေ့ မြှင့်တင်ရေးကို ထိခိုက်မှုမရှိစေရန်နဲ့ သဘာဝပတ်ဝန်းကျင်ကိုမပွန်းပဲ့စေရဆိုတဲ့ ‘အသိတရား’ ဦးနှောက်ထဲ၊ ရင်ထဲမှာစွဲမြဲအောင် သင်ကြားလေ့ကျင့်ပေးဖို့ပါ။
ဖြည့်ဆည်းပေးရမယ့်အချိန်
အဲဒီလို လူမှုရေးနယ်ပယ် (ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ စစ်ရေး၊ နိုင်ငံရေး) သဘာဝ ပတ်ဝန်းကျင် အလေးထားထိန်းသိမ်းစောင့်ရှောက်ရေး၊ ချစ်မြတ်နိုးတွယ်တာရေးနဲ့ စီးပွားရေးကြောင့် လူမှုရေးဝန်းကျင်နဲ့ သဘာဝဝန်းကျင် (သက်ရှိ၊ သက်မဲ့သယံဇာတ) ထိခိုက်မှုမရှိအောင် အသုံးချနိုင်စွမ်းရှိတဲ့ ၂၁ ရာစုရဲ့ နိုင်ငံသားကောင်း၊ လူတော်လူချွန်တွေကို စဉ်ဆက်မပြတ်မွေးထုတ်နိုင်ဖို့ ပညာရေးက ဖြည့်ဆည်းပေးရမယ့်အချိန်ပါ။ ဒါကြောင့် ယနေ့ပညာရေးမှာ-
(က) လက်ရှိသင်ကြားနေတဲ့ သင်ရိုးတွေက ယခင်ကလို သက်ဆိုင်ရာဘာသာရပ် (မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ အထွေထွေသိပ္ပံ စတဲ့) သက်သက်တို့ကိုသာ သိ၊ တတ်အသုံးချရုံဆိုပြီး သီးခြားရေးဆွဲထားတဲ့သင်ရိုးတွေ မဖြစ်စေရတော့ဘဲ သင်ရိုးတိုင်းဟာ မူဟန်မယွင်းဖွံ့ဖြိုးတိုးတက် ခြင်းဆိုင်ရာ နယ်ပယ်သုံးခုကို အထောက်အကူပြုတဲ့ သင်ရိုးများဖြစ်ရပြီး ယင်းသင်ရိုးတွေနဲ့သာ မဖြစ်မနေသင်ကြား လေ့ကျင့်ပေးဖို့လိုပါတယ်။
(ခ) ပညာရေးဟာ ယနေ့နဲ့ ယခင်ကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ အထူးသဖြင့် ကျွန်ဘဝရဲ့ ဆိုးရွားမှုဒဏ်နဲ့ လွတ်လပ်ခြင်းရဲ့ အနှစ်သာရတို့ကို သုံးသပ်နိုင်စွမ်းရှိပြီး လွတ်လပ်တဲ့နိုင်ငံနဲ့ လူ့အဖွဲ့ အစည်းတို့ရဲ့ အနာဂတ်ရေရှည်ကောင်းကျိုးကို တွေးတတ်မြင်တတ် (Critical thinking) ကာ ပြဿနာကို စနစ်ကျနစွာဖြေရှင်းနိုင်စွမ်း (Problem Solving) ရှိတဲ့ မျိုးဆက်သစ် ပြည်သူ့သားကောင်း ရတနာတွေဖြစ်အောင် လေ့ကျင့်ပေးရပါမယ်။
(ဂ) ကျောင်းသား ကျောင်းသူတွေ သင်ခန်းစာတွေကို လက်တွေ့လေ့လာရာမှာ ကိုယ်တိုင်ပါဝင် ဆောင်ရွက်နိုင်တဲ့အဆင့်မှာ ရပ်တည်နေရုံနဲ့ မပြီးသေးပါ။ ရှေ့ဆက်ပြီး လူမှုအသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ကို မိမိအသိတရားနဲ့ ရှေ့ဆောင်လမ်းညွှန်တတ်သူ (Initiative person) ဖြစ်လာတဲ့အထိ လေ့ကျင့်ပေးရပါမယ်။ ခိုင်းမှလုပ်တတ်တဲ့သူတွေ များများကင်းဝေး ခြင်းဟာ ဖွံ့ဖြိုးတိုးတက်ခြင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။
(ဃ) ပညာရေးဟာ ဒေသဆိုင်ရာ မူဟန်မယွင်း ဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာ နယ်ပယ်သုံးခုမှ အချက်အလက်တွေနဲ့ ကမ္ဘာလုံးဆိုင်ရာအထက်ပါ နယ်ပယ်သုံးခုမှ အတွေ့အကြုံတွေကို အပြန်အလှန် သုံးသပ်တတ်၊ ပေါင်းစပ်တတ်ပြီး အသုံးချတတ်တဲ့ အလေ့အကျင့်ကောင်းရအောင် မျိုးဆက်သစ်တွေကို လေ့ကျင့်ပေးနိုင်ရပါမယ်။
(င) ပြဿနာတစ်ခုခုကို ချဉ်းကပ်ရာမှာလည်း အမြင်တစ်ခုတည်းနဲ့ ဖြေရှင်းနိုင်မှုကင်းပြီး ဘက်စုံ ထောင့်စုံကနေ ကြည့်တတ်မြင်တတ် သုံးသပ်တတ်ပြီး ဖြေရှင်းနိုင်စွမ်းရှိအောင် ပညာရေးက လေ့ကျင့် ပေးနိုင်ရပါမယ်။ ဥပမာအားဖြင့် “ဒီမိုကရေစီ”၊ “လူ့အခွင့်အရေး”၊ “တန်းတူညီမျှရေး” စတဲ့အချက်တွေကြောင့် တိုင်းပြည်ရဲ့လွတ်လပ်ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အဓိကမဏ္ဍိုင်တွေနဲ့ လူမှုအဖွဲ့အစည်း ဆိုင်ရာ “စံ” တွေကို မထိခိုက်စေရပါ၊ ပျက်စီးမှုမရှိစေရပါ။ ခေတ်အကြိုက် ရာသီစာလုပ်ငန်း တွေကြောင့် နိုင်ငံတည်ရှိ နေသရွေ့ ရှင်သန်နေရမယ့် လူ့အဖွဲ့အစည်းရဲ့ မဏ္ဍိုင်တွေ မယိမ်းယိုင်စေသင့်ပါ။ အဆိုပါ အချက်တွေနဲ့ ပြည့်စုံပါမှ“မူဟန်မယွင်းဖွံ့ဖြိုးတိုးတက်ခြင်းကို ဖော်ဆောင်တဲ့ပညာရေး” လို့ ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ခဲ့တာပါ။
ယနေ့အချိန်မှာ ကျွန်တော်တို့နိုင်ငံမှာလည်း ‘မူဟန်မယွင်းဖွံ့ဖြိုးတိုးတက်ခြင်း’ဆိုတဲ့ ပညာရေးကို ဖော်ဆောင်ရမယ့်အချိန်ပါ။ ပညာရေးက ကမ္ဘာမှာ ပြောင်းလဲနေပြီဆိုတာကို ပညာရေးမှာတာဝန် ရှိသူများ အထူးသတိပြုပြောင်းလဲကျင့်သုံးရန် လိုအပ်နေပါပြီ။ ဒီလိုကျင့်သုံးရာမှာလည်း ဦးစားပေး အနေနဲ့ ‘တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ၊ ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ” ဆိုတာကို ပြည့်ပြည့်ဝဝ ခံယူကျင့်သုံးနိုင်တဲ့ အနာဂတ်မျိုးဆက်တွေကို မြန်မာ့ပညာရေးက လေ့ကျင့်ပေးနိုင်ပါမှ ဘိုးဘွားတွေရဲ့ အသက်၊ သွေး၊ ချွေးတွေနဲ့စတေးပြီးရယူခဲ့တဲ့ မြန်မာ့ လွတ်လပ်ရေးဟာလည်း စိန်ရတုမှသည် ကမ္ဘာတည်သရွေ့ တည်မြဲနိုင်ပါလိမ့်မယ်။
ဒါကြောင့် မြန်မာတို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဘိုးဘွားအမွေအနှစ်ဖြစ်တဲ့ လွတ်လပ်ရေးထာဝရ တည်တံ့အောင် “လွတ်လပ်ရေးရေရှည်ခိုင်မြဲမှု သန္ဓေအစ ပညာသင်ကျောင်းက” ဟု အမြင်နဲ့ မြန်မာ့ပညာရေးက အနာဂတ်မျိုးဆက်သစ်တွေကို လေ့ကျင့်ပေးဖို့ လိုအပ်ပါကြောင်း အကြံပြုရေးသား လိုက်ရပါတယ်။ ။
No comments:
Post a Comment