နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝသယံဇာတများသည်လည်း အရေးပါသောအရင်းအမြစ်များဖြစ်ကြသည်။ သဘာဝသယံဇာတများဟုဆိုရာတွင် မြေနှင့်ရေတို့သည် စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်ရေးအတွက်အရေးပါပြီး သစ်တော၊ သတ္တု စသည့် သဘာဝသယံဇာတများမှာမူ ထုတ်ယူသုံးစွဲရေးအတွက်ဖြစ်သည်။ မိမိတို့နိုင်ငံသည် သစ်တော၊ သတ္တုသယံဇာတများကြွယ်ဝသည့် တိုင်းပြည်ဖြစ်သော်လည်း ရေရှည်ထုတ်ယူသုံးစွဲနိုင်ရန်အတွက်မျှော်မှန်း၍ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့
ဂုဏ်ပြုအခမ်းအနားမိန့်ခွန်းပြောကြားရာတွင် သဘာဝသယံဇာတများထုတ်ယူသုံးစွဲမှုနှင့် စပ်လျဉ်း၍
“နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရာမှာ သဘာဝသယံဇာတတွေကို ထုတ်ယူသုံးစွဲသင့်တာမှန်ပေမယ့်လည်း
စည်းစနစ်တကျထုတ်ယူသုံးစွဲဖို့လိုပါတယ်။ တိုင်းပြည်နဲ့ နောင်မျိုးဆက်များရဲ့အနာဂတ်ကို
ထည့်သွင်းတွက်ချက်ဆောင်ရွက်ရပါမယ်။ ယခင်ကရရှိခဲ့တဲ့ ထိခိုက်မှုများအတွက်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရပါမယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်
သယံဇာတများကို ထုတ်ယူအသုံးပြုရာမှာ ကုန်ကြမ်းအဖြစ် ရောင်းချခြင်းထက် ကုန်ချောအဖြစ်တိုးတက်ထုတ်လုပ်ဆောင်ရွက်ခြင်းဟာ
ဝင်ငွေပိုမိုရရှိခြင်း၊ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းတိုးတက်ဖန်တီးပေးနိုင်ခြင်းနဲ့
ပြည်တွင်း၌ နည်းပညာနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိမှာဖြစ်ပါတယ်”
ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ဒေသအများအပြားတို့တွင်
ရွှေ၊ ကျောက်စိမ်း၊ ကျောက်မျက်နှင့် ဓာတ်သတ္တုတူးဖော်မှုများ တရားဝင်ရော၊ တရားမဝင်ပါတူးဖော်မှုများ
ပြုလုပ်လျက်ရှိကြရာ ယင်းနှင့်ဆက်စပ်၍ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ၊ ဒေသခံပြည်သူ
များ၏နစ်နာဆုံးရှုံးမှုများကိုလည်း သတင်းများတွေ့ရှိရသည်။ ဒေသ၏ ရေ၊မြေအရင်းအမြစ်များပျက်စီးဆုံးရှုံးခြင်း၊
မြစ်ချောင်းများတိမ်ကောပြီး ရေကြောင်းသွားလာမှု၊ သောက်သုံးရေနှင့်စိုက်ပျိုးရေရယူနိုင်မှုများဆုံးရှုံးခြင်း၊
စိုက်ပျိုးမြေများပေါ်သို့ စွန့်ပစ်မြေစာများ၊ ရေဆိုးများ ဖုံးလွှမ်းခံရခြင်း၊ ပြဒါး၊
အာဆင်းနစ် စသည့် အဆိပ်သင့်စေသည့် ဓာတ်ပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းစသည်တို့အပါအဝင်
သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်များကို ထိခိုက်ပျက်စီးစေသည့်နည်းလမ်းများဖြင့်
သဘာဝသယံဇာတများကို ထုတ်ယူနေကြပြီး အခြားတစ်ဖက်တွင်မူ ထိခိုက်မှုများအတွက် ပြန်လည်ကုစားမှု၊
သဘာဝပတ်ဝန်းကျင်များကို ပြန်လည်ထူထောင်မှုများပြုလုပ်ရန်မူ ပျက်ကွက်လျက်ရှိကြကြောင်းကိုလည်း
သိရသည်။
နိုင်ငံ၏မြေပေါ်မြေအောက်သယံဇာတများကို
ထုတ်ယူသုံးစွဲရာတွင် နိုင်ငံ၏အကျိုးစီးပွား၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ရှေးရှုကြရန်
လိုအပ်သကဲ့သို့ နောင်လာနောက်သား မျိုးဆက်သစ်များအတွက်လည်း ထည့်သွင်းတွက်ချက်ကြရန် လိုအပ်သည်။
မိမိအကျိုးစီးပွား တစ်ခုတည်းကိုသာဦးတည်ကာ ဘယ်သူသေသေငတေမာလျှင်ပြီးရော ဟူသောစိတ်ဓာတ်ဖြင့်
နိုင်ငံ၏သယံဇာတများကို ထုတ်ယူသုံးစွဲပီး အဆိပ်သင့်ကြေမွပျက်စီးသွားသည့် ရေ၊ မြေတို့ကို
လက်လွတ်စပယ်ထားခဲ့ခြင်းဖြင့် အနာဂတ်မျိုးဆက်တို့၏ ပြစ်တင်ရှုတ်ချမှုကို ခံကြရမည် ဖြစ်သည်။
နိုင်ငံ၏သယံဇာတများကို အများအကျိုး၊ နိုင်ငံအကျိုးအတွက် အဓိကထား၍ စည်းစနစ်တကျထုတ်ယူသုံးစွဲခြင်း၊
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကို မပျက်မကွက် ပြန်လည်ထူထောင်ခြင်းဖြင့် တာဝန်ကျေပွန်ကြစေရေး
နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်
No comments:
Post a Comment